Tesla CEO ဖြစ်သူ Elon Musk ကတော့ ကုမ္ပဏီရဲ့ နောက်ထပ် ထွက်လာမယ့် ကားတွေအတွက် Platform အသစ် အချက်အလက် တစ်ချို့ကို မျှဝေလာခဲ့ပါတယ်။ ယခင် Model S နဲ့ Model X ကားတွေအတွက် Platform အကြီးစား ၊ Model 3 နဲ့ Y တို့ရဲ့ ကျစ်ကျစ်လစ်လစ် Platform အမျိုးအစားတွေ ထက်စာရင် အခု တတိယမြောက် Platform က ပို‌ပြီးသေးငယ်လာဖို့ ရှိပါတယ်။ ဒါ့အပြင် အဆိုပါ Platform အသစ်ဟာ ယခင် Model 3 နဲ့ Model Y တို့ ထုတ်လုပ်မှာ ကုန်ကျစရိတ်ရဲ့ တစ်ဝက်လောက်ပဲ ကျသင့်မယ်လို့ကို Elon Musk က အသိပေးခဲ့တာပါ။ Tesla ရဲ့ 2022 Q3 ရောင်းအား ပမာဏတွေအကြောင်း ရှင်းကြတဲ့ပွဲမှာ အခုအချက်အလက်တွေကို Elon Musk က ထုတ်ဖော်ခဲ့တာ ဖြစ်ပြီး ရင်းနှီးမြုပ်နှံသူ တစ်ဦးဆီကလည်း အခုလာမယ့် ကားသစ်တွေ ကုန်ကျစရိတ်အကြောင်း မေးမြန်းရာမှာ Tesla အနေနဲ့ ပိုပြီး ဈေးသက်သာတဲ့ ကားဈေးကွက်တွေ အပိုင်းကို ထိုးဖောက် ဝင်ရောက်လာဖို့ ရှိတယ်လို့ ဆိုလာ ခဲ့တာတွေ့ရပါတယ်။

Photo Credit: InsideEvs

ဒါပေမယ့် Platform အသစ်ကို ဘယ်အချိန်မှာ မိတ်ဆက်နိုင်ပြီး ကုန်ကျစရိတ် ဘယ်လောက်အထိ သက်သာနိုင်မှာ လဲ ဆိုတာကိုတော့ Elon Musk တစ်ယောက် အတိအကျ မပြောကြားထားသေးပဲ အာရုံစိုက်လုပ် ဆောင်နေဆဲ လို့သာ ဆိုထားခဲ့ပါတယ်။ ကုန်ကျစရိတ်တွေအပြင် ကားသစ်တွေ ထုတ်လုပ်နိုင်မယ့် ပမာဏတွေ အကြောင်း Elon Musk က ဆက်ပြောရာမှာတော့ အခု တစ်ခေါက် ၂၀၂၂ တတိယ လေးလပတ် ကာ လမှာ ကုမ္ပဏီ ရောင်းအားရဲ့ ၉၅% လောက်ကို နေရာယူခဲ့တဲ့ Tesla Model 3 နဲ့ Y တို့ထက် ရောင်းအား ပိုသာနိုင်အောင် ကြိုးစားမယ်လို့ သိရပါတယ်။ နောက်ထပ် Tesla Model အသစ်ဟာ လက်ရှိ ရှိထားသမျှကား တွေထက် ထုတ်လုပ်မှု များမှာဖြစ်သလိုလက်ရှိ Model 3 တစ်စီးစာကို နောက်ထပ်ကားသစ် ၂ စီး စာအထိ ထုတ်လုပ်နိုင်ဖို့ ကိုလည်း ယုံယုံကြည်ကြည် ရည်ရွယ်ထားပါတယ်။

Elon Musk ရဲ့ အခု တစ်ခေါက် ပြောစကားတွေကြောင့် ယခင်က သတင်းတွေ ထွက်ခဲ့ဖူးတဲ့ ဒေါ်လာ ၂၅,၀၀၀ တန် Tesla ကားတွေ တကယ်ဖြစ်လာတော့မလား ဆိုပြီးတော့လည်း သတင်းတွေ ပြန်ထွက်လာ ပြန်ပါ တယ်။ ဒါပေမယ့် တကယ်တော့ ကားသစ်တွေဟာ လက်ရှိထက် တစ်ဝက်လောက်ကို ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ကျမယ် ဆိုပေမယ့်လည်း တကယ်တမ်း ရောင်းချမယ့် ဈေးနှုန်းကတော့ လက်ရှိ $ 48,490 လောက်ရဲ့ တစ်ဝက်အထိ ရောက်သွား လိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားလို့ မရသေးပြန်တာကို သတိပြုရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပိုသေးတဲ့ Platform ၊ ပိုသေးတဲ့ ကားအနေနဲ့ဆိုရင် လက်ရှိ Model 3 ထက် သေချာပေါက် ဈေးလျော့နည်း သက်သာ လာဖို့ ရှိလာနေပါတယ်။ အဆိုပါ Entry-Level Tesla Model ကို ဘယ်တော့ မြင်ရမယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင် သေးပေမယ့်လည်း လက်ရှိ Cybertruck ကားနဲ့ Tesla Semi ကုန်တင်ကားတွေ ဈေးကွက်ထဲ မရောက်လာမချင်း မမြင်ရလောက် သေးပါဘူး။ ဒါကြောင့် ကားသစ်တွေကို ၂၀၂၄ လောက်အထိ မမြင်ရနိုင်သေးဘူး လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် အသစ်ဖန်တီးနေ တဲ့ Tesla China စက်ရုံကြီးဆီက မီးစိမ်းပြခဲ့မယ် ဆိုရင်တော့ ကြိုတင် ခန့်မှန်းထားတဲ့ အချိန်ထက်စောပြီး ကားသစ်တွေကို မြင်လာရဖို့ ရှိပါတယ်။

Ref: InsideEvs