အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား အခြေစိုက် Unplugged Performance ဆိုတဲ့ Tuning Company တစ်ခု ကတော့ Tesla Model 3 ကား တစ်စီးကို အလန်းစား ပြုပြင်ထားတဲ့ Bioniq Phoenix အမည်ရ ကားသစ် တစ်စီးကို ချပြလာပါတယ်။ အဆိုပါ ကားအတွက်တော့ 2020 Pikes Peak ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် မတော်တဆမှု ဖြစ်ခဲ့တဲ့ Tesla Model 3 ကို အ‌ခြေခံ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ မတော်တဆမှုထဲ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တဲ့ အဆိုပါ ကားလေးကို အောက်ပိုင်းတွေကစပြီး အသေအချာ ပြန်ပြင်ကာ ယခင်ကထက် ပိုကောင်းတဲ့ Aerodynamic ပိုင်း ရအောင် ဖန်တီးလိုက်ပါတယ်။ ဒါ့အပြင် ထိုင်ခုံကိုလည်း ပြိုင်ကားတွေလို အလယ်မှာ ယာဉ်မောင်းခုံ တစ်လုံးတည်း တပ်ဆင်ပေးလိုက်ပြီး ပိုစွမ်းအားမြင့်တဲ့ လျှပ်စစ်မော်တာနဲ့လည်း အစားထိုးထား လိုက်တာ တွေ့ရမှာပါ။

Photo Credit: AllAutoExperts

Aerodynamic အပိုင်းအတွက် ထပ်မံ တပ်ဆင်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကြောင့် ကားသစ်ဟာ Downforce ပေါင် ၄,၀၀၀ နီးပါး အထိကို ရှိ သွားခဲ့တယ်လို့တော့ သိရပါတယ်။ ကားရဲ့ အရှေ့ဘက် Fascia အပိုင်း ကိုလည်း သာမန်ပုံစံအစား လုံးဝအပိတ် ပုံစံမျိုးနဲ့ အစားထိုး ထားလိုက်တာပါ။ ကားရဲ့ အပြင်ဘက်ကို ကြည့်လိုက်တာနဲ့တင် သိသိသာသာ ကြီးမားနေတဲ့ အတောင်ပံကြီး၊ ပုံစံပျောက်အောင် ‌ပိတ်ထားတဲ့ မီးလုံး ဒီဇိုင်းတွေကြောင့် သာမန် Tesla Model 3 ထက် သိသိသာသာကို ကွဲထွက်နေစေပါတယ်။ အစိတ်အပိုင်းတွေ များလာတယ် ဆိုပေမယ့်လည်း တစ်ခုချင်းစီကို Dry Carbon နဲ့ ဖန်တီး ပေးထား တာကြောင့် Aerodynamic တကယ် ကောင်းစေတဲ့ ပေါ့ပါးမှုကိုပါ ရရှိစေပါတယ်။ တကယ်တမ်းတော့ အခုကားက သာမန် Tesla Model 3 တစ်စီး ထက် တောင် ပေါင် ၂၀၀ ဝန်းကျင်လောက် အထိ ပိုပေါ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ အပိုင်း တွေဖြစ်တဲ့ Steel Cage ထည့်ထားတာတွေ ၊ Chassis ပိုင်း ပြောင်းလဲ လိုက်တာတွေနဲ့ လေးထောင့်နည်းနည်း ပိုကျတဲ့ ကိုယ်ထည် Bodykit ထည့်ပေးထားတာတွေတော့ ရှိပါသေးတယ်။

Photo Credit: AllAutoExperts

အခု ကားသစ်ကိုတော့ ပြေးလမ်းအမျိုးမျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်မောင်းနှင်မှာဖြစ်ပြီး ပထမဆုံး လမ်းကြောင်း ကတော့ Buttonwillow Raceway ဖြစ်နိုင်ပါ တယ်။ ပြေးလမ်းကြောင်းအတွက်ကိုပါ အသင့်ဖြစ်နေတဲ့ အခု Tesla Model 3 အထူးထုတ်ရဲ့ စွမ်းဆောင်ရည်အချက်အလက်တွေကိုတော့ ဖော်ပြမထားသေး ပဲ အတော်လေး မြန်နှုန်းမြင့်မယ် ဆိုတာကတော့ သေချာနေပါတယ်။

Ref: AllAutoExperts