ကား တစ်စီးက လမ်းလယ်ခေါင်မှာ ပျက်သွားလို့ လမ်းမကြီးတွေရဲ့ဘေးမှာ အချက်ပြမီးလေး ဖွင့်ရပ်ထားရပြီ ဆိုရင် အတော်လေး အန္တရာယ်များတဲ့ အဆင့်တစ်ခု ရှိနေပါပြီ။ လမ်းမကြီးထက်က အရှိန် ပြင်းပြင်းနဲ့ မောင်းလာတဲ့ ကားတွေ ၊ ပျက်ကား ရပ်ထားတာကို သတိမမူမိနိုင်တဲ့ ယာဉ်မောင်းတွေနဲ့ တစ်ခါတစ်ရံ မြင်ကွင်းမရှင်းတာတွေကြောင့် ယာဉ်တိုက်မှု ဖြစ်နိုင်ဖို့က အတော် အလားအလာ များနေခဲ့ရပါတယ်။ အဆိုပါ အခြေအနေမျိုးမှာ များသောအားဖြင့် အသုံးပြုကြတာကတော့ Hazard Light လို့ခေါ်တဲ့ အရေးပေါ် အချက်ပြမီးပဲ ဖြစ်ပြီး ကားရဲ့ထောင့် လေးထောင့် လုံးက မီးတွေ အကုန်လင်းနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ အချက်ပြမီးတွေကတော့ ဒီ အနေအထားတွေ အတွက် အတော် လေး သင့်တော်တဲ့ သတိပေးစနစ်တွေ ဖြစ်ပေမယ့် ဒါကို ပိုကောင်းအောင် လုပ်ဖို့တော့ နာမည်ကျော် Tesla နဲ့ Emergency Safety Solutions (ESS) တို့က ပူးပေါင်း ဖန်တီးသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာသစ်ကို တော့ H.E.L.P လို့ အတိုကောက် အမည်ပေးထားပြီး Hazard Enhanced Location Protocol လို့ အဓိပ္ပါယ်ရတဲ့ နည်းပညာပဲ ဖြစ်ပါ တယ်။

Photo Credit: MotorTrend

အတိုကောက် နာမည်ဖြစ်တဲ့ H.E.L.P ကကိုပဲ အတော်လေး အဓိပ္ပါယ် ပြည့်ဝနေပြီ အလုပ်လုပ်ပုံကလည်း ရိုးရှင်း ပါတယ်။ ESS ကတော့ အခု လက်ရှိ ကားအတော်များများမှာ သုံးနေကြ Hazard Lights တွေရဲ့ အချက်ပြပုံက အခြား သော ကားတွေ သတိထားမိလောက်အောင် မြန်ဆန်မှု ရှိမနေဘူးလို့ ယုံကြည်ထားတာပါ။ ဒါကြောင့် သူတို့ရဲ့ နည်းပညာ အသစ်မှာဆိုရင် အရေးပေါ်  မီးစနစ်ရဲ့ အချက်ပြ မြန်နှုန်းကို ပုံမှန်ထက် လေးဆလောက်ကို ပိုမြန်မြန် ပြပေးနိုင်အောင် ပြင်ဆင်ထားပါတယ်။ နောက်တစ်ချက် ပိုတိုးတက်အောင် လုပ်ထားတာကတော့ အခုစနစ်အသစ် မှာ ပျက်နေတဲ့ ကားရဲ့နေရာ အတိအကျ အချက်အလက်ကို ဂြိုလ်တု ကနေ တစ်ဆင့် GPS စနစ်သုံးပြီး အခြားကားတွေပါ တစ်ပြိုင်နက် သိနိုင်အောင် ဖန်တီးပေးနိုင် တော့မှာပါပဲ။

Photo Credit: MotorTrend

အဆိုပါ စနစ် ၂ မျိုး လုံးရဲ့ လုပ်ဆောင်ချက်ကလည်း ရိုးရှင်းတာကြောင့် တစ်နည်းမဟုတ် တစ်နည်းနဲ့အတူ အခြား ကားတွေရဲ့ သတိထားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ အခု အသုံးပြုမယ့် 4-Hz ပမာဏရှိတဲ့ အချက်ပြမြန်နှုန်းတွေဟာ ဆိုရင်ပေပေါင်း ၁,၁၈၁ ပေ လောက်မှာရှိတဲ့ ယာဉ်မောင်း အထိကို သတိပြုနိုင်စေမှာ ဖြစ်ပါတယ်။ အခုစနစ်ကို စတင်အသုံး ပြုမယ့် Tesla ကားတွေဟာ Software အခြေပြုတဲ့ ကားတွေ ဖြစ်တာကြောင့် အခု ဝန်ဆောင်မှုရဖို့ OTA Update တွေကနေပဲ လွယ်လွယ်ကူကူ အဆင်ပြေစေမှာပါ။ ဒါပေမယ့် အခု H.E.L.P စနစ်က Tesla ရဲ့ ဘယ်ကားတွေအထိ အဆင်ပြေပြေ အလုပ်လုပ်နိုင်မလဲ ဆိုတာ မသိရသေးသလို Tesla ဘက်ကလည်း ESS ဒါမှမဟုတ် H.E.L.P နည်းပညာပိုင်းနဲ့ ပူးပေါင်းလိုက်ပြီ ဆိုတာကို တရားဝင် မကြေညာထားသေးတာကြောင့် စောင့်ကြည့်ဖို့တော့ လိုဦးမှာပဲ ဖြစ်ပါတယ်။

Ref: MotorTrend