Tesla Cybertruck ဆိုတာကတော့ ကားအကြောင်း စိတ်ဝင်စားတဲ့ သူတိုင်းတောင် မျှော်ရလွန်းလို့ ငြီးငွေ့ နေလောက် တဲ့ ကားပါပဲ။ တကယ်လည်း မြင်ဖူးသမျှ ကားတွေထဲမှာ အတော်လေးကို အချိန်အကြာဆုံး ကားတစ်စီး ဖြစ်နေတာပါ။ ၂၀၁၉ နှောင်းပိုင်း လောက်ကတည်းက ၂၀၂၁ မှာ စပြီး ရောက်လာမယ့် ကား ဟာ ၂၀၂၂ ထဲ အထိ အစအနကို မမြင် ရသေးတာ ဖြစ်နေပါတယ်။ ဒါ့အပြင် ကားရဲ့ ဈေးနှုန်းတွေ အပါအဝင် အချက်အလက်တွေ‌ကိုလည်း Website ကနေ တောင် ပြန်လည် ဖယ်ရှားခဲ့ဖူးတာပါ။ အခုတော့ ထုတ်လုပ် မယ့် အဆင့်ကို အတော်လေးနီးစပ်နေတဲ့ ပုံစံနဲ့ ကားသစ် ရဲ့ ပုံရိပ်တွေ နောက်ပိုင်းမှာ မြင်လာရပြီး ထုတ်လုပ် ဖို့ရက် အတိအကျကိုတော့ မသိနိုင် သေးပြန်ပါဘူး။ Silicon Valley မှာရှိတဲ့ Tesla Owners Club မှာ ပြုလုပ်ခဲ့တဲ့ Elon Musk နဲ့ ၁ နာရီ ၁၄ မိနစ် လောက်ကြာအင်တာဗျူး တစ်ခုမှာ တော့ ဒီကား အကြောင်း အနည်းအကျဉ်း သိခဲ့ရပါတယ်။ Elon Musk က အနည်းဆုံးတော့ ဒီကားဟာ ဒီဇိုင်းပိုင်း အရ သေချာ နေပြီ ဖြစ်လို့ ဆက်ပြီး ထုတ်လုပ်တဲ့ အဆင့်ရောက်ဖို့ပဲ ကျန်ပါတော့တယ်လို့ ဆိုလာခဲ့ပါတယ်။

Photo Credit: CARBUZZ

တစ်ချို့သော Tesla ပရိသတ် တွေကတော့ ယခင်တုန်းက Model X ဆိုရင်လည်း အခုလိုပဲ အချိန်အကြာ ကြီး အချိန်ယူ နေခဲ့ပြီး အဲ့ဒီတုန်းကတော့ Falcon Wing door တွေအတွက် သေချာ ဂရုစိုက် အချိန်ယူခဲ့ရ တာ မို့လို့ အခုကားမှာ လည်း ဒီအတိုင်း ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒီဇိုင်းပိုင်းကြောင့် မဟုတ်ရင် တောင်မှ Cybertruck ဟာ လက်ရှိ Chip ပြား မလုံလောက်တဲ့ ပြဿနာတွေကြောင့် ထုတ်လုပ်ဖို့ရာ နှောင့် နှေးမှု တစ်ချို့ ကြုံနေရတာဖြစ်တယ်လို့ Musk က ဆိုထားပါတယ်။ ဒါ့အပြင်ပို အရေးကြီးတဲ့ တစ်ချက်က တော့ အခုကားကို လာမယ့် ၂၀၂၃ နှစ်လယ် လောက်မှာ မြင်လာ ရလိမ့်မယ်လို့ ဆိုခဲ့ပြန်တာ ဖြစ်ပြီး ယခင် ၂၀၂၃ အစောပိုင်း ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့တာ ထက်တော့ နောက်ကျသွားပြန်ပါပြီ။

Photo Credit: CARBUZZ

တကယ်တော့ Cybertruck ကို စတင် နမူနာပြခဲ့တဲ့ အချိန်ကနေ အခု ထိထဲမှာကိုပဲ နောက်ထပ် လျှပ်စစ် စွမ်းအင်သုံး Pickup ကားသစ်တွေ ထွက်ခဲ့ပြီးကြပြီဖြစ်ပြီး အထူးသဖြင့် Ford F-150 Lightning ၊ GMC Hummer EV Pickup တွေ နဲ့ Rivian R1T တို့လို နာမည်ကြီးတွေ ဆိုရင် ရောင်းတောင် ရောင်းချနေပါပြီ။ Chevrolet Silverado 1500 EV ၊ GMC Sierra 150 EV နဲ့ နာမည်တောင် မသိရသေးတဲ့ Ram EV ကား သစ်တွေ ဆိုရင်လည်း Cybertruck မထွက်ခင် အရင် ထွက်လာ နိုင်ပါသေးတယ်။ တကယ်တော့ Cybertruck ကို အမေရိကမှာ ပထမဆုံးမှာယူခဲ့တဲ့ သူက သူ့ရဲ့ အမှာစာကို ရုတ်သိမ်းပြီး Lightning ကား သစ်ကို ဝယ်သွားခဲ့ပါပြီ။ အဆိုပါ အင်တာဗျူးထဲမှာပဲ Musk က အပြည့်အဝ မောင်းသူမဲ့ စနစ်နဲ့ ပတ်သက်လို့ အတော်လေးကို ယုံကြည်လွန်းနေတဲ့ အချိန်ပမာဏ တစ်ခုနဲ့ စနောက်သွား ခဲ့သေးပြီး ‌နောက်နှစ် လို့တောင် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ အနေနဲ့ အခုလို မောင်းသူမဲ့ စနစ်တွေရဲ့ နည်းပညာ လိုအပ်ချက် ပမာဏတွေကိုသိရဖို့ လိုနေသေးပေမယ့်လည်း သိပ်မစောင့်ရပဲ သုံးနိုင်တော့မယ်ဆိုတဲ့ အခြေ အနေ တစ်ရပ်ကိုတော့ ယုံကြည်နေတယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com