ပြီးခဲ့တဲ့နှစ် အနည်းငယ်လောက်ကစလို့ ကားဖန်တီးမှုတွေနဲ့ ပတ်သက်လာရင် နာမည်ကြီးလာခဲ့တဲ့ Youtube Channel တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ နာမည်ကျော် ကားတွေရဲ့ သစ်သားပုံတူ ကားလေးတွေ ကို သေချာဖန်တီး ပြလေ့ရှိတဲ့ Woodworking Art ဆိုတဲ့ Channel ပဲ ဖြစ်ပါတယ်။ Sports Car တွေက နေ SUV တွေအထိ အဆိုပါ Channel ကနေ အသေးစိတ်ကျပြီး တကယ်လည်း လုပ်ဆောင်ချက် ကောင်း ကောင်း လုပ်ပေးနိုင်တဲ့ သစ်သားကား မော်ဒယ်တွေကို အမြဲတမ်း အံ့အားသင့်ဖွယ် ချပြနေခဲ့တာပါ။ အဆိုပါ Channel ကနေ နောက်ဆုံးဖန်တီး ပြထားခဲ့တဲ့ ကားကတော့ Nissan Navara Pro-4x ဆိုတဲ့ကားပဲ ဖြစ်ပါ တယ်။ အဆိုပါ ကားပုံစံတူကို မြင်ရသလောက်တော့ တကယ့်အစစ် အတိုင်းနီးပါး ကောင်းမွန်ကာ အသေး စိတ်ကျလွန်းတဲ့ လက်ရာကိုလည်း အံ့အားသင့်ဖွယ် မြင်ရမှာပါ။ အထူးသဖြင့်တော့ အဆိုပါ အရွယ်အစား အလယ်အလတ် ရှိတဲ့ Truck ရဲ့ ဒီဇိုင်းကို ပုံစံတူ ဖန်တီးသူက သေချာ အာရုံစိုက် ပြင်ဆင်ထားရ ပုံရပြီး Tailgate ပေါ်က အသေးစိတ် အရာလေးတွေ နဲ့ Grille Pattern လေးတွေက အစ ကွက်တိကျနေတာ ဖြစ်ပါတယ်။
အခုဆိုရင်တော့ Woodworking Art ကနေ နောက်ထပ် ထူးထူးခြားခြား ပုံစံတူ သစ်သား ကားတစ်စီးကို ထုတ်ပြလာ ခဲ့ ပြန်ပါတယ်။ အဲ့ဒါက နာမည်ကြီး အမေရိကန် Truck ကား တစ်စီးပါပဲ။ ဒါပေမယ့် Ford က လည်း မဟုတ် ၊ Ram ကလည်း မဟုတ်တဲ့အပြင် General Motors ကလည်း မဟုတ်ပြန်ပါဘူး။ ဘယ်ကား နဲ့မှ မတူ တစ်မူထူးခြားလွန်းတဲ့ နာမည်ကျော် မထွက်လာသေးတဲ့ Cybertruck ကြီးပါပဲ။ ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ တကယ့် Cybertruck ကား စစ်စစ်ကို တရားဝင် မမြင်ရသေး ခင်မှာတင်ပဲ အခု ပုံစံတူ သစ်သားကားကို ချပြလိုက်နိုင်တာပါ။ အခု ကားရဲ့ ထူးခြားလွန်းတဲ့ အတုံးလိုက် ထုထည်ကြီး ခပ်ပြတ်ပြတ် ဒီဇိုင်းကြောင့် သစ်သားပုံစံတူ လုပ်ရာမှာတော့ အခြား ကားတွေထက် ပိုလွယ်ကောင်း လွယ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ် ကျဖို့ အတွက်ကို တော့ ဖန်တီးသူ ခမျာ တော်တော်လေးကို ကြိုးကြိုးစားစား လုပ်ထားရတာတော့ သေချာပါတယ်။ ဒါ့အပြင် လေးထောင့်ကျတဲ့ ဒီဇိုင်း ဆိုပေမယ့် တကယ်တမ်းသစ်သား နဲ့ အချိုးကျအောင် လုပ်ရတာကလည်း ထင်သလောက်တော့ မလွယ် ကူနေပြန်ပါဘူး။
လက်ရှိမှာ အဆိုပါ Cybertruck ကား အစစ်ကို Concept ပဲ မြင်ရသေးတာ ဖြစ်ပြီး အဆိုပါ Concept ကိုမှ အသေးစိတ်တူအောင် ပြန်လုပ်ထားနိုင်တာက တကယ်အံ့ဩစရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် အတွင်းခန်း လို သေချာမသိ သေးတဲ့ အပိုင်းတွေကိုတောင် သစ်သားကား ပုံစံတူထဲမှာ ကောင်းကောင်း ဖန်တီးပြထား တာ မျိုးပါပဲ။ အတွင်းက Center Console နဲ့ Yoke စတီယာတိုင် ဒီဇိုင်း တို့ကအစ တကယ့်ကို ပြင်ပကား အစစ် အတိုင်း ပါပဲ။ ဒါတင်မက သေး ပါဘူး ၊ Concept Version မှာ တုန်းက မြင်ခဲ့ရတဲ့ Telescoping Tailgate ဆိုတာကိုလည်း အခု သစ်သား ပုံစံတူ ကားလေးမှာ ထည့်သွင်းပေးထား ပါသေးတယ်။ Tesla ရဲ့ တကယ့် Cybertruck အစစ် အတွက်ကိုတော့ လာမယ့် နှစ် ၂၀၂၃ ထဲမှာ စတင် ထုတ်လုပ်တော့မယ်လို့ သိထားရပါတယ်။ Tesla ရဲ့ CEO Elon Musk ကတော့ အခု ကား ထုတ်လုပ်နိုင်ဖို့ အတွက် ပုံမှန်ထက် နှောင့်နှေးသွားဦးမှာဖြစ်ပြီး လာမယ့် နှစ် လောက်မှာတော့ အနည်းဆုံး Version တစ်မျိုးတော့ ထွက်လာဖို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com