Aptera လို့ လူသိလာခဲ့တဲ့ တက်သစ်စ လျှပ်စစ် ကားကုမ္ပဏီကတော့ သူတို့ ရဲ့ ၃ ဘီးတပ် ဆိုလာလျှပ်စစ် ကားတွေကို ချပြဖို့ ရှိနေခဲ့တာပါ။ ဒါ့အပြင် အဆိုပါ ကားတွေ မှာ Tesla ရဲ့ အားသွင်းခေါင်းတွေကို သုံးလာ မယ်ဆိုတဲ့ သတင်းကလည်း ယခင် ကတည်းက ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး အခုမှသာ အတည်ဖြစ်သွား ခဲ့တာပါ။ ကုမ္ပဏီ ရဲ့ တရားဝင် ကြေညာချက်အရတော့ အဆိုပါ ကားသစ်တွေမှာ North American Charging Standard (NACS) လို့ လူသိများတဲ့ Tesla ရဲ့ အားသွင်း ခေါင်းတွေကို သုံးသွားတော့မှာဖြစ်တယ်လို့ သိလိုက်ရပါတယ်။

Photo Credit: InsideEvs

တကယ်တော့ အဆိုပါ အားသွင်းခေါင်းတွေကို အသုံးပြုမှာဟာ Aptera ကုမ္ပဏီတင် မဟုတ်ပဲ Bollinger Motors ဆိုတဲ့ ကား ကုမ္ပဏီ ကပါ အသုံးပြုနိုင်ဖို့ အတွက် လွန်ခဲ့တဲ့ နှစ် အနည်းငယ် ကတည်းက ဆိုခဲ့ ဖူးပါတယ်။ ဒါပေမယ့် တကယ်တမ်း ထဲထဲ ဝင်ဝင် အသုံးပြုချင်တာကတော့ Aptera ကုမ္ပဏီကပဲဖြစ်ပြီး အဆိုပြုချက်တွေလည်း များတာကြောင့် Tesla ကိုယ်တိုင်ကကို အဆိုပါ Connector တွေကို ဘယ်ကုမ္ပဏီ ကိုမဆို အခမဲ့ပေးသုံးမယ်လို့ ကြေညာခဲ့တာပါ။ လက်ရှိမှာ အခုစနစ်ကိုသာ အသုံးများလာမယ်ဆိုရင် အနည်းဆုံးတော့ အမေရိကတစ်လွှား စံစနစ်တစ်ခု ဖြစ်လာနိုင်ဖို့ Tesla က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Type 2 နဲ့ CCS Plug စနစ်တွေ သုံးနေတဲ့ ဥရောပဈေးကွက် အတွက်တော့ သီးသန့် ဆန်နေဦးမှာပါ။ အခုလို အားသွင်းခေါင်း စနစ်တွေကို Tesla က သူတို့ရဲ့ ကားတွေမှာ အသုံးပြုလာတာ ဆယ်စုနှစ်တစ်ခု လောက်ကို ကြာခဲ့ပြီ ဖြစ်ပြီး အနည်းဆုံးတော့ မြောက်အမေရိကအတွက် စံစနစ်ဖြစ်အောင် တွန်းအားပေးနေခဲ့သေးတာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

Aptera ရဲ့ အဆိုပါ သုံးဘီးတပ် ဆိုလာလျှပ်စစ် ကားတွေကိုတော့ လာမယ့် ၂၀၂၃ ဒုတိယ နှစ်ဝက်အရောက်မှာ စတင် ထုတ်လုပ် နိုင်တော့မှာ ဖြစ်ပါတယ်။ တကယ်တမ်း ထုတ်လုပ်လာပြီ ဆိုရင်လည်း ဘက်ထရီ အရွယ်အစား အမျိုးမျိုး ၊ ဆိုလာ ပြား ပမာဏ အမျိုးမျိုးနဲ့အတူ စွမ်းဆောင်ရည်ပိုင်း အနည်းအများ စသဖြင့် အစုံအလင်ကို ရွေးချယ်ဝယ်ယူခွင့် ရအောင် ပြင်ဆင် ပေးထားမယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေ ‌အနေနဲ့ ကတော့ အသေးဆုံး ဆိုလာပြားနဲ့ Base Model ကိုပဲ $ 25,900 လောက်ကနေ စတင်နိုင်ပြီး တစ်ကြိမ်အားပြည့်နေရင် မိုင် ၂၅၀ လောက် အထိ မောင်းနိုင်မယ့် Model အမြင့်ကို ဆိုရင်တော့ $ 46,900 အထိ ကျသင့် လာမယ်လို့ သိရှိထား ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီထက် အမြင့်ဆုံး ကားအမျိုးအစားမှာ ဆိုရင်တော့ ကြီးမားတဲ့ 100 kWh ဘက်ထရီကြောင့် တစ်ခါ အားသွင်းထားရင်ကို နေရောင်ခြည် စွမ်းအင်ပေါင်းစပ်ကာ မိုင် ၁,၀၀၀ အထိကို မောင်းနိုင်မယ်လို့ သိရပါတယ်။

Ref: InsideEvs