အနာဂါတ် ပို့ဆောင်ဆက်သွယ်ရေးကတော့ လျှပ်စစ်ကားတွေဆိုတာ ငြင်းလို့မရတော့သလို တစ်ချို့က လည်း သဘာဝ ပတ်ဝန်းကျင် အတွက် အပြည့်အဝ အထောက်အကူ မပြုနိုင်သေးဘူးလို့ ထောက်ပြနေကြ ပေမယ့် အရှိန် အဟုန်နဲ့ လျှပ်စစ်ကားတွေ ထွက်လာတာကတော့ မျက်မြင်ပါပဲ။ အားတစ်ခါ သွင်းထားရင် ဘယ်လောက် အထိ မောင်းလို့ရနိုင်မလဲ ဆိုတဲ့ EV Range ကို ကုမ္ပဏီတွေအကြား အဓိကကြိုးစားကာ စံချိန်တွေ တင်နိုင်ဖို့ ကြိုးစား နေကြသလို ပြိုင်ကားလောကထဲကိုပါ အခုလို လျှပ်စစ်ကားတွေက နေရာယူ လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်  လျှပ်စစ် ကားတွေ လွှမ်းမိုးလာနေတဲ့ နောက်ထပ် ဧရိယာတစ်ခုလည်း ရှိနေသေးပြီး အဲ့ဒါကတော့ အငှား ကား ဝန်ဆောင်မှု လုပ်ငန်းတွေ အပိုင်းမှာပါပဲ။ ပြီးခဲ့တဲ့ မေလတုန်းက နာမည်ကျော် Uber နဲ့ Lyft ကုမ္ပဏီတွေရဲ့ စာရင်းတွေ အရတော့ ကုမ္ပဏီရဲ့ ထိပ်တန်းကား ၇ မျိုးထဲမှာ Tesla Model 3 က ထိုးထွက် နေတော့တာပဲ ဖြစ်ပါတယ်။ ပိုထူးခြားတာ ကတော့ အခုကားကို မောင်းရင် ယာဉ်မောင်းတွေအဖို့ ဝင်ငွေပိုရသလို ၊ Range လည်း ပိုများလို့ ဝေးဝေး ပိုသွားနိုင်ပြီး ၊ အတွင်းခန်းကျယ် တာကလည်း ခရီးသည်တွေ အကြိုက်တွေ့နေစေတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

နောက်တစ်ချက် ကတော့ ဒီကားတွေကို မောင်းပြီး ခရီးသည် ပို့ဆောင်ပေးရင် အပိုဝင်ငွေပါ ပိုရနေတတ် တာပဲ ဖြစ်ကာ အငှားကားမောင်းနှင်သူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Barnes ကတော့ အခု Tesla ကို မောင်းနှင် ရာမှာ ယခင် ကထက် ပိုတဲ့ Tip ခေါ် အပိုဝင်ငွေ တွေလည်း ရလာတယ်လို့ ဆိုထား ပါတယ်။ သူမအနေနဲ့ ယခင်တုန်းက Camry ကားကို မောင်းနှင်စဉ် ပျမ်းမျှအားဖြင့် ၁ ဒေါ်လာ ကနေ ၃ ဒေါ်လာ လောက်သာ ပိုပေးသွားကြတာကို ကြုံဖူးပေမယ့် အခု Tesla Model 3 မှာဆိုရင်တော့ ‌၁၀ ဒေါ်လာ နဲ့ ၁၅ ဒေါ်လာ တွေ အထိကို Tipping ပေးကာ အပိုဝင်ငွေ ရလာခဲ့တယ်လို့ ပြောထားပါတယ်။ ဒါကတော့ ခရီးသည်တွေက Tesla Model 3 ရဲ့ ပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျောညီထွေမှု ရှိတာ ကိုပဲ ‌တလေးတစား ပေးကြတာလား ဒါမှမဟုတ် Camry ထက်ကိုပဲ ပိုပြီးအဆင့်မြင့်မြင့် Premium ဆန်တဲ့ အတွေ့ အကြုံကို ပေးနိုင်လို့လား ဆိုတာတော့ ဝေခွဲမရနိုင် သေးပါဘူး။

Photo Credit: CARBUZZ

ဒါကြောင့် Uber ကလည်း သူတို့ရဲ့ ယာဉ်မောင်းတွေကို လျှပ်စစ်ကားတွေ များများ ပြောင်းမောင်းကြဖို့ တောင်းဆို ထား သလို Model 3 နဲ့ ခရီးစဉ်တစ်ကြောင်းကို ၁ ဒေါ်လာ လောက်လည်း ပိုရတယ်လို့ Barnes က ပြောကြားထား ပါတယ်။ Barnes အနေနဲ့လည်း သူမဟာ ဓာတ်ဆီ ဖိုးတွေထက် ဒေါ်လာ ၁၅၀ လောက် ချွေတာနိုင်သလို ဆီဈေးကလည်း  ၁ ဂါလံ ကို ‌၅ ဒေါ်လာ လောက်အထိ ဖြစ်နေတာကြောင့် အခုအချိန်မှာ ပိုအဆင်ပြေနေတာ ဖြစ်ပါတယ်။ Barnes ကတော့ သူမ ရဲ့ Model 3 ကားကို Uber ယာဉ်မောင်းတွေဆီ တစ်ပတ်ကို ၃၃၄ ဒေါ်လာနဲ့ ငှားထားခဲ့ပြီးပထမဆုံး ၂၅ ရက်မှာတင် $ 2,600 လောက်အထိ ရှိခဲ့တာကြောင့် ယခင် Camry ကားတုန်းကထက် ၂ ဆ လောက် အထိကို ဝင်ငွေ ကောင်းခဲ့တာပါ။  ပို့ဆောင်ဆက်သွယ်ရေး အပိုင်းတွေနဲ့ ကုန်ပစ္စည်း ပို့ဆောင်ရေးတွေကို မှတ်တမ်းတင် ပေးထားတဲ့ Gridwise ဆိုတဲ့ App အရ ဆိုရင် လည်း ယာဉ်မောင်းတွေဟာ Tesla ကားကိုမောင်းမယ်ဆိုရင် ၁၈၆% လောက်အထိ ခံစားခွင့်တွေ မြင့်တက် သွားတာ ကို တွေ့နေရပါတယ်။ ဒါကြောင့် အခု လို မျိုး စီးပွား ရေး မတည်ငြိမ် တဲ့ အချိန် ၊ ငွေကြေး ဖောင်းပွ မှုတွေနဲ့ လောင်စာဈေးတွေ တက်နေတဲ့ အချိန်မှာတော့ Uber ယာဉ်မောင်းတွေအတွက် လျှပ်စစ် ကားတွေ ဘက် ကူးပြောင်းဖို့ အခွင့်ကောင်းလို ဖြစ်လာနိုင်ပါတယ်။

Ref: carbuzz.com