အိန္ဒိယ ကားကုမ္ပဏီ Tata ကတော့ နဂိုကတည်းက တန်ဖိုးနည်း ကားလေးတွေကို ထုတ်လုပ်ပေးနိုင်လို့ နာမည်ရထားတာ ဖြစ်ပြီး အခု လျှပ်စစ် ကားခေတ်သစ်မှာလည်း ဒီ အစဉ်အလာကို ဆက်ထိန်းလာနိုင်ခဲ့ ပြန်ပါ တယ်။ အခုဆိုရင် ကမ္ဘာ့လျှပ်စစ်ကား ဈေးကွက်ထဲ ဈေး အသက်သာဆုံး ကားတစ်စီးလို့တောင် ဆိုလို့ရမယ့် လျှပ်စစ်ကား တစ်မျိုးကို Tata တို့မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားလေးကတော့ Tiago EV လို့ အမည်ပေးထားတဲ့ အိန္ဒိယဈေးကွက် သီးသန့်လျှပ်စစ်ကားလေး ဖြစ်ပြီး လက်ရှိ ငွေဈေးတွေ အရတော့ ဒေါ်လာ ၁ သောင်း ဝန်းကျင်လောက်ပဲရှိမယ်လို့ သိထားရပါတယ်။ ဈေးအတိအကျကို အတည်ပြု ဖို့ လိုအပ်ဦးမှာ ဖြစ်ပေမယ့် ကားရဲ့ အချက်အလက်လေးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။အဆိုပါ ကားလေးကတော့ Battery Package အမျိုးမျိုးနဲ့ ‌ရွေးဝယ်လို့ ရမယ့် Hatchback အမျိုးအစား လေး ဖြစ်ပါတယ်။ XE ကား ဆိုရင် Entry-Level အမျိုးအစား ဖြစ်ပြီး 19.2 kWh Battery နဲ့ ပွဲထွက်လာတာပါ။ ကားရဲ့ စွမ်းအင်ချွေတာ နိုင်မှုနဲ့ ပေါ့ပါးမှုတို့ကြောင့် အားတစ်ခါ သွင်းထားရုံနဲ့တင် ၁၅၅ မိုင်အထိ ကောင်းကောင်း မောင်းနိုင်ပါလိမ့်မယ်။

Photo Credit: motor 1.com

ပိုကြီးတဲ့ ဘက်ထရီ အဖြစ် 24 kWh ပမာဏကို တပ်ဆင်ပေးထားမယ့် XT၊ XZ+၊ XZ+ Tech LUX Models တွေမှာတော့ ဈေးပိုကျသင့်မှာ ဖြစ်ပါတယ်။ Entry-Level ကားလေးနဲ့ အဆိုပါ ကားတွေ အကြားမှာ တော့ အနည်းငယ်ကွာခြားပြီး အဆိုပါ ကားအမြင့်တွေက တစ်ခါအားသွင်းထားရင် ၁၉၄ မိုင် အထိ မောင်းနှင်နိုင်ပါတယ်။ XZ+ နဲ့ XZ+ Tech LUX Trim ကားတွေမှာ ဆိုရင်တော့ 3.3 AC ဒါမှမဟုတ် 7.2 kW AC Onboard Charging စနစ်တွေနဲ့ပါ အားသွင်းနိုင်ဦးမှာ ဖြစ်ပါတယ်။ အခု ကားလေးတွေနဲ့ ပတ်သက်လို့ အမြန်အားသွင်းစနစ် အကြောင်းကိုတော့ Tata ဘက်က မပြောထားပေမယ့် မိနစ် ၃၀ လောက် အားသွင်းရုံနဲ့ တော့ ၆၈ မိုင် လောက်အထိ မောင်းနိုင်မယ့်ပမာဏကို ပေးနိုင်မယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

အခုလို ဘက်ထရီ အရွယ်အမျိုးမျိုးနဲ့ယှဉ်ရင် ပိုကောင်းနေတဲ့ စွမ်းဆောင်ရည်တွေကတော့ ကားရဲ့ အရှေ့ဘက်ဝင်ရိုးမှာ တပ်ဆင်ထားတဲ့ Magnet Synchronous လျှပ်စစ်မော်တာ အမျိုးအစားတွေ ကြောင့်လည်း ဖြစ်ပြန်ပါတယ်။ အဆိုပါ မော်တာ တွေ ကနေ 74 hp နဲ့ 84 lb-ft torque အထိ ကို စွမ်းဆောင် ပေးနိုင်တာ ဖြစ်ပြီး တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်ဖို့ ဘယ်လောက် ကြာမလဲဆိုတာကိုတော့ ကုမ္ပဏီက မပြောကြား ထားသေးပါဘူး။ ဒါပေမယ့် Tata ကတော့ ကားလေးတွေဟာ တစ်နာရီ ၃၇ မိုင် နှုန်းအထိ အရှိန်တင်ဖို့အတွက် ၆ စက္ကန့် အောက်ပဲ ကြာလိမ့်မယ်လို့တော့ ဆိုထားပါတယ်။ အဆိုပါ ကားလေးတွေကို လာမယ့် အောက်တိုဘာ ၁၀ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ပထမဆုံးဝယ်ယူမယ့် အားပေးသူ အယောက် ၁၀,၀၀၀ အတွက် အထူးဈေးဖြစ်တဲ့ $ 10,370 နဲ့ ရနိုင်မယ်လို့ သိရပါတယ်။ Range အမြင့်ဆုံး ဖြစ်တဲ့ XZ+ Tech LUX Model အနေနဲ့ တော့ $ 14,500 ဝန်းကျင် လောက်အထိ ကျသင့်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com