အမေရိက ကားကုမ္ပဏီကြီး GM ရဲ့ ပူးတွဲကုမ္ပဏီဖြစ်တဲ့ တရုတ် ကားကုမ္ပဏီတွေ ပေါင်းပြီး ဈေးကွက် ထဲကောင်းကောင်း ရင်းနှီးပြီးသား ဒီဇိုင်းနဲ့ ကားအမျိုးအစား တစ်ရပ်ကို ချပြလာဖို့ရှိနေပါတယ်။ General Motors အနေနဲ့ တရုတ်နိုင်ငံ အတွင်းမှာ SAIC Motors နဲ့ Liuzhou Wuling Motors ဆိုတဲ့ ကုမ္ပဏီ ၂ ခုနဲ့ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ကတည်းက ပူးပေါင်းပြီး SAIC-GM-Wuling (SGMW) ဆိုတဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းကို ဆောင်ရွက်နေခဲ့ တာဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခုဆိုရင်တော့ အဆိုပါ ကုမ္ပဏီကနေ ထုတ်လုပ်မယ့် Wuling Hong Guang Mini EV လျှပ်စစ် ကားလေးကတော့ တရုတ်ဈေးကွက်ထဲ ဈေးအသက်သာဆုံးနဲ့ ရောင်းအားကောင်းတဲ့ လျှပ်စစ်ကားတွေထဲ တစ်စီး အပါအဝင် ဖြစ်လာ နေပါပြီ။ အဆိုပါ ကားလေးကို ကြည့်လိုက်တာနဲ့တင် နာမည်ကျော် Suzuki Jimny ကားလေးကို ပုံစံယူထားတယ် ဆိုတာ သိသာနေပြီး လမ်းကြမ်းပိုင်း ဈေးကွက်ကိုပါဆက်လက် ထိုးဖောက်နေ လျက်ရှိတဲ့ ကားလည်း ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကားလေးအကြောင်း ကို Car News China တို့က လမ်းကြမ်း စွမ်းဆောင်ရည် ကောင်းတဲ့ လျှပ်စစ်ကားလေးအဖြစ် Video တစ်ခုနဲ့ ချပြလာခဲ့ပါတယ်။ အခု တရုတ်ကုမ္ပဏီရဲ့ ကားလေးနဲ့ Suzuki Jimny တို့ အကြား သိသိသာသာတူတဲ့ တစ်ချက်ကတော့ လေးထောင့်ဆန်တဲ့ ကိုယ်ထည်ဖြစ်ပြီး ဘေးဘက်နေရာတွေ ၊ အမိုးကိုင်းတွေနဲ့ မြေပြင်ကနေ အတော်လေး မြင့်နေစေတဲ့ လမ်းကြမ်းမောင်းတာယာတွေကလည်း အတော်ကို ခွဲမရအောင် ဆင်တူနေပါတယ်။

 

အဆိုပါကားကိုတော့ ပိုပြီးဇိမ်ခံအရသာ ဘက်ကိုသွားတဲ့ ကုမ္ပဏီရဲ့ နောက်ထပ်ကားအမျိုးအစား Baojun KiWi ကားလေးနဲ့အတူတူဖြစ်အောင် Electric Platform ကိုပဲ သုံးထားပါတယ်။ ဒါ့အပြင် လျှပ်စစ်မော်တာ ကလည်း ၂ လုံး အထိကို တပ်ဆင်ပေးထားတာ ဖြစ်ပြီး လမ်းကြမ်းပိုင်း ပိုကောင်းအောင် အားစိုက်ပေးထားတာ ပိုသိသာပါတယ်။ ယခင် Baojun KiWi ကားရဲ့ လျှပ်စစ်မော်တာ တစ်လုံးတည်းမှာ ကတည်းကိုက 40kW အထိ စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် အခုကားရဲ့ လျှပ်စစ်မော်တာ ၂ လုံးမှာဆိုရင် ပုံမှန်ရဲ့နှစ်ဆဖြစ်တဲ့ 80kW ထက်ကို ပိုစွမ်းဆောင်လာနိုင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ သေချာတာကတော့ 1.5 Liter ဓာတ်ဆီ အင်ဂျင်နဲ့ အတူ 75 kW ပဲ ရှိတဲ့ ပုံစံတူ Suzuki Jimny ထက်တော့ စွမ်းဆောင်ရည်ပိုင်းမှာ ပိုအသာ ရသွားတာပါပဲ။ အခု ကားရဲ့ Concept ပုံရိပ်တွေကို လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် Guangzhou ကားပြပွဲကြီးမှာ ချပြလာနိုင်ပြီး တရုတ်ဈေးကွက် အတွင်းက အရောင်းပြခန်းတွေဆီကိုတော့ လာမယ့်နှစ် ပထမနှစ်ဝက် ကာလလောက်မှာ ရောက်ရှိလာနိုင်ဖို့ ရှိနေပါတယ်။

Ref: AllAutoExperts