Subaru ရဲ့ Solterra ကားသစ် တွေ အတွက်ကတော့ တကယ်ကို ကံမကောင်းဘူးလို့ ဆိုနိုင်ပြီး အခုဆိုရင် ကားရဲ့ ဘီးတွေမှာ မူလတပ်ဆင်ထားတဲ့ ဝက်အူတစ်ချို့ ကျွတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ကြောင့် ဈေးကွက်ထဲကနေ ပြန်လည် သိမ်းဆည်းရဖို့ ရှိလာပြန်ပါတယ်။ ဂျပန် ကုမ္ပဏီရဲ့ အဆိုအရတော့ အမေရိက ကားဈေးကွက်ထဲက စုစုပေါင်း ကားအစီးရေ ၁,၁၈၂ စီးကို ပြန်လည် သိမ်းဆည်းရမှာပဲ ဖြစ်ပါတယ်။

Photo Credit: InsideEvs

ကုမ္ပဏီ ဘက်က ရှင်းလင်းချက် အရတော့ အစောပိုင်း ကတည်းက ပြန်လည် သိမ်းဆည်းခဲ့ရဖူးတဲ့ ကားတွေမှာလည်း မူလ ဝက်အူတွေ နပ်တွေက ‌လိုအပ်ချက် ရှိနေခဲ့ပြန်တာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။ ကံမကောင်းပြန်တာကတော့ Subaru ကိုယ်တိုင် စစ်ဆေးချက်အရ ပထမတစ်ခေါက် ပြန်လည် ပြင်ဆင်ပေးတဲ့ နေရာနှစ်နေရာမှာတင် လက်ရာပိုင်း သေသပ်မှု မရှိတာကိုတွေ့ရှိ လိုက်ရတာ့ပါ။ ဒါကြောင့်လည်း အခုလို ပထမတစ်ခေါက် ကတည်းက ကားတွေကိုပါ ပြန်လည် သိမ်းဆည်းရဖို့ ဖြစ်လာပြီး အဓိကကတော့ ဘီးတွေကျွတ်ထွက် မသွားဖို့ကို အာရုံစိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်း တစ်ခုကတော့ နဂိုကတည်းကလည်း ပြင်ဆင်စရာ မလိုခဲ့သလို ၊ အဆိုပါပြဿနာလည်း စဝယ် ကတည်းက မပါလာခဲ့တဲ့ ကားပိုင်ရှင်တွေ အဖို့ကတော့ ကားပြန်အပ် ရမယ့်အထဲ မပါဝင်တာပါပဲ။ တစ်ဖက်က သတင်းဆိုးကလည်း သိမ်းဆည်းခံရမယ့် စာရင်းထဲ ပါနေတဲ့ ကားတွေကို လောလောဆယ် မောင်းကိုမမောင်း သင့်တော့ဘူးလို့ ကုမ္ပဏီဘက်က အကြံပေးပေးထားတာပါပဲ။

Photo Credit: InsideEvs

အခု ကားနဲ့ Toyota bZ4X တို့က တကယ်တော့ အားလုံးနီးပါး အတူတူပဲ ဖြစ်ကြတဲ့ လျှပ်စစ်ကားတွေ ဖြစ်ပြီး ပထမတစ်ခေါက် ပြန်လည် သိမ်းဆည်းခဲ့ ရကတည်းကိုက ကားတွေရဲ့ ထုတ်လုပ်မှုကိုပါ အနှောင့်အယှက် ဖြစ်စေ ခဲ့တာပါ။ နောက်ပိုင်း ၂၀၂၂ အောက်တိုဘာ လောက်ရောက်မှသာ ကားသစ်တွေကို ပြန်လည် ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခု ပြဿနာကိုတော့ဒီ တစ်ခေါက် ပြန်လည် သိမ်းဆည်းရမှုနဲ့တင် ဖြေရှင်းပေးသွားနိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ Subaru ကတော့ အမေရိက ဈေးကွက်ထဲမှာတင် အဆိုပါကားသစ် ၁,၄၁၈ စီးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အကုန်အထိ ရောင်းချခဲ့ရတာဖြစ်ပြီး Toyota bZ4X ကလည်း အစီးရေ ၁,၂၂၀ အထိကို ရောင်းချခဲ့ရပြီးပြီပဲ ဖြစ်ပါတယ်။

Ref: InsideEvs