Stellantis နဲ့ Toyota တို့ကတော့ ဥရောပ ဈေးကွက်ထဲမှာ ‌အပေါ့စား စီးပွားရေး လုပ်ငန်းသုံး ကားတွေကို ဦးစားပေး ဖန်တီးတဲ့ နေရာမှာ ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီထက် ပိုကြီးတဲ့ စီးပွားဖြစ် လုပ်ငန်း သုံး ယာဉ်ကြီးတွေကိုပါ ပူးပေါင်း ထုတ် လုပ်တော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပြီးကိုယ်ထည်အသစ်နဲ့ ကားအမျိုး အစား ဖြစ်နိုင်ကာ ပိုထူးခြားတာကတော့ လျှပ်စစ်သီးသန့် ဖြစ် လာနိုင်ဖို့ ရှိနေတာပါပဲ။ အဆိုပါ LCV ကားသစ် အတွက် အသေးစိတ် အချက်အလက်တွေကို မသိရသေး ပေမယ့်လို့ Stellantis ဘက်က ထုတ်လုပ်ပြီး Toyota ဘက်က ပစ္စည်း ထောက်ပံ့ ပေးတာမျိုးနဲ့အတူ ပူးပေါင်းကာ ဥရောပဈေးကွက် အတွင်း ရောင်းချမယ်ဆိုတဲ့ အချက် ကတော့ အတည်ဖြစ်သွားခဲ့ပါပြီ။ အဆိုပါ ကားသစ် အမျိုးအစားကိုလည်း Stellantis ရဲ့ မတူညီတဲ့ ထုတ်လုပ်ရာ နေရာ ၂ နေရာဖြစ်တဲ့ ပိုလန် နိုင်ငံက Gliwice နဲ့ အီတလီ နိုင်ငံက Atessa တို့ မှာထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားကိုတော့ လာမယ့် ၂၀၂၄ မှာ ဈေးကွက်ထဲ စတင် ဖြန့်ချီဖို့မျှော်လင့် ထားပြီး Toyota အတွက် ကတော့ ထုတ်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းသုံး ယာဉ်တွေထဲမှာ အကြီးဆုံး ကားတစ်စီး ဖြစ်လာတော့မှာပါ။ ကားသစ်နဲ့ ပတ်သက်လို့ လက်ရှိမှာ ဘာတစ်ခုမှ သေချာ အတည် မပြုနိုင် သေးဘူးဆိုပေမယ့် အခု ဈေးကွက်ထဲမှာ မြင်နေရတဲ့ Ducato ကားရဲ့ မျိုးဆက်သစ် ဖြစ်လာဖို့ များပါတယ်။ Stellantis ရဲ့ CEO ဖြစ်သူ Carlos Taveres  ကတော့ အခုလိုမျိုး တတိယ မြောက် ပူးပေါင်းထုတ်လုပ်ကာ ထွက်ပေါ်လာမယ့် ကားသစ်ကြောင့် Stellantis က စီးပွားဖြစ် လုပ်ငန်းသုံး ကားကြီး တွေနဲ့ ဘက်ထရီ လျှပ်စစ်နည်းပညာတွေကို ရှေ့လျှောက် ဆက်လက်ဖန်တီးဖို့အတွက် လမ်းကြောင်းမှန် ပေါ်မှာ ရှိနေခဲ့ပြီလို့ဆိုထား ပါတယ်။ ဒါ့အပြင် အခုလိုမျိုး ထုတ်လုပ်မယ့် ကားသစ်ကလည်း LCV တွေနဲ့ ကာဗွန် ထုတ်လုပ်မှု နည်းပါးရမယ့် လျှပ်စစ်ကားသစ်တွေ အတွက် သတ်မှတ်ထားမယ့် EU 30 စည်းမျဉ်းတွေနဲ့လည်း ကိုက်ညီနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီ ကိုယ်တိုင် ကလည်း အနာဂါတ် မှာတော့ နည်းပညာပိုင်း ၊ ထုတ်လုပ်ရေး ပိုင်း ၊ ဈေးကွက် ဝေစုပိုင်းနဲ့ အကျိုးအမြတ် ပိုင်းတွေမှာက အစ အခုလိုမျိုးလုပ်ငန်းသုံးယာဉ်တွေအပိုင်းမှာ Stellantis တို့ ဦးဆောင်လာနိုင်မယ်ဆိုတဲ့ ၂၀၃၀ ရည်မှန်းချက်ကိုလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်တာ ဖြစ်တယ်ဆိုပြီး  Carlos Taveres က ယုံကြည်နေပါတယ်။

Photo Credit: motor 1.com

တကယ်တော့ စီးပွားဖြစ် လုပ်ငန်းသုံးအပေါ့စားယာဉ်တွေကို Stellantis နဲ့ Toyota တို့ ပူးပေါင်း ဖန်တီးလာနေခဲ့တာ ၂၀၁၂ ခုနှစ် ကတည်း က ဖြစ်ပါတယ်။ ပုံမှန် အားဖြင့်တော့ Toyota ကနေ လက်ရှိ ရှိပြီးသား LCV တွေကို ဆိုရင်လည်း Stellantis ရဲ့ လက်ဝေခံ ကုမ္ပဏီတွေ ဆီကနေ ယူဆောင်ပူးပေါင်းကာ ထုတ်လုပ်နေခဲ့ပြီး နိုင်ငံတကာ ဈေးကွက်ကို ဖြန့်ချီ ထားနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ဥရောပမှာတော့ LCV လို့ ခေါ်တဲ့ အဆိုပါ ကားကြီး ဈေးကွက်က အတော်လေး အရေးပါတဲ့ နေရာက ပါဝင်နေတာပါ။ အခု ၂၀၂၂ ရဲ့ ပထမ ၃ လ ပတ် ကာလအ တွင်း အဆိုပါ ကားတွေရဲ့ ရောင်းအား တွေကတော့ -၁၈.၁ % လောက် အနည်းငယ် ကျဆင်းခဲ့ရတယ် ဆိုပေမယ့် ဥရောပဒေသတွင်း လုပ်ငန်းသုံး ကားမှတ်ပုံတင်မှုတွေကတော့ အစီးရေ ၄၁၁,၀၉၇ စီး အထိ ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com