အမေရိကန် နိုင်ငံ လတ်စ်ဗီးဂတ်စ်မှာ အခုလ အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ CES 2022 ပွဲကြီးမှာတော့ Sony အနေနဲ့ သူတို့ရဲ့ Sony Mobility Division အသစ်ကို ကြေညာခဲ့ပြီး နောက်ပိုင်း လျှပ်စစ်ကား ဈေးကွက်ထဲကို ‌ဝင်ရောက်လာမယ့် ခြေလှမ်းသစ်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ Vision-S 02 SUV Concept ကားနဲ့အတူ စတင်ပြသထားပြီး နောက်ပိုင်း လျှပ်စစ်ကားလောကထဲကို သေသေ ချာချာ ဝင်ရောက်နိုင်ဖို့အတွက် ပူးပေါင်း လုပ်ဆောင် နိုင်မယ့် ကုမ္ပဏီတွေကို ရှာဖွေနေပြီ ဖြစ်ပါတယ်။ Automotive News ကလာတဲ့ သတင်းအရဆိုရင် တော့ Sony ရဲ့ လတ်တလော အဓိကရည်မှန်းချက် ကတော့ လျှပ်စစ် ကားလောကထဲကို ကောင်းကောင်းဝင်ရောက် ဖို့ ဖြစ်ပြီး လက်ရှိမှာတော့ ထုတ်ကုန်အသစ်တွေ ၊ ထုတ်လုပ်မယ့် ရက်တွေကို သိရဖို့အထိတော့ စောလွန်း နေပါသေးတယ်။ ဒါပေမယ့်လည်း Sony Mobility Division ကို ဦးဆောင်မယ့် မန်နေဂျာ ဆိုသူကတော့ အောင်မြင်တဲ့ လျှပ်စစ်ကားလုပ်ငန်း အဖြစ် ရပ်တည်ချင်တယ်ဆိုရင် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့ လိုအပ် နေပြီလို့ ဆိုထားပါတယ်။

Photo Credit: motor1.com

အဆိုပါ ဥက္ကဌ ဖြစ်သူ Izumi Kawanishi ကတော့ EV တွေကို ပစ်ပယ်ထားဖို့ ကြိုးစားနေမယ်ဆိုရင် အတော်လေး စိန်ခေါ်မှုကြီးမားလာ နိုင်ပြီး လုပ်ငန်းတွေ လုပ်ဖို့အတွက် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ဖို့လိုအပ်နေပြီ ဆိုတာလည်း ကောင်းကောင်း သဘောပေါက် နေပါတယ်။ ဒါပေမယ့်လည်း Sony ရဲ့ အနာဂါတ် လျှပ်စစ်ကားစီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခုနှစ်မကုန်ခင်မှာ တိတိကျကျ တစ်ခုခုချပြနိုင်ဖို့ အတွက် ကိုတော့ Kawanishi က ငြင်းဆိုထား ပါသေးတယ်။ Sony အနေနဲ့ CES 2022 ပွဲကြီးမှာ ပြသခဲ့တဲ့ Electric SUV Concept ဆိုရင် ခရီး သည် ၇ ယောက် အထိ စီးနိုင်မယ့်ကားအဖြစ် ဖော်ပြထားပြီး PlayStation Game ကိုပါ ကားထဲမှာ ဆော့ကစားနိုင်ဦးမယ့် နည်းပညာ ကို ပါ ပြသထားပါတယ်။ 268 hp အထိ စွမ်းဆောင်နိုင်မယ့် လျှပ်စစ် မော်တာတွေကိုလည်း ဝင်ရိုး တစ်ဖက် တစ်ချက် ဆီမှာ တပ်ဆင်ပေးထား တာ ဖြစ်ပြီး All-Wheel Drive စနစ်နဲ့ ပေါင်းစပ်ပေးထားတာပါ။ ကားရဲ့ အရှိန်နှုန်းနဲ့ Range တွေကိုတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။

Photo Credit: motor1.com

အခု မြင်ရတဲ့ Prototype ကားမှာ ဆိုရင်တော့ Sony က နိုင်ငံတကာ ကုမ္ပဏီအ‌တော် များများနဲ့ ပူးပေါင်းထားတာ ဖြစ်ပြီး Magna Steyr ၊ Robert Bosch ၊ Valeo နဲ့ AImotive တို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် Kawanishi ကတော့ နောက်လာမယ့် ပူးတွဲကုမ္ပဏီတွေကို ရွေးချယ်ရာမှာ ဆိုရင်တော့ လျှပ်စစ်စွမ်းဆောင်ရည် အတွေ့အကြုံတွေပေါ် အခြေခံပြီး ရွေးချယ်သွားမယ်လို့ သိရပါတယ်။ လက်ရှိ လျှပ်စစ် ကား ဈေးကွက်တွေထဲကို နည်းပညာကုမ္ပဏီတွေ အများအပြားလည်း ဝင်ရောက်လာနေတာ ဖြစ်ပြီး Sony လိုပဲ နောက်ပိုင်းမှာလည်း နာမည်ကြီးတွေ ဖြစ်ကြတဲ့ Apple ၊ Foxconn ၊ Alibaba Group နဲ့ အခြား အများအပြား ရှိလာဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor1.com