ပြီးခဲ့တဲ့ နှစ်အပိုင်းအခြားတွေ ကတည်းက လျှပ်စစ် စွမ်းအင်သုံး Sedan နဲ့ Crossover Concept ကားတွေကို စတင် ချပြလာခဲ့တဲ့ နည်း ပညာ ကုမ္ပဏီကြီး Sony ကတော့ အခုဆိုရင် ကားတွေ ထုတ်လုပ်ရောင်းချဖို့ အတွက် Honda နဲ့ ပူးပေါင်းဖို့ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။ ကုမ္ပဏီ ၂ ခုရဲ့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကြေညာချက် အရ ဆိုရင်တော့ အနာဂါတ် မှာ လျှပ်စစ်ကားတွေ တိုးတက်ထုတ် လုပ်ဖို့နဲ့ ရောင်းအားတွေ ကောင်းစေဖို့ ကြိုးစား သွားမယ်လို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီ ၂ ခုကတော့ သဘောတူညီချက်တွေနဲ့ အတူ MOU လက်မှတ် ရေးထိုး လိုက်နိုင်ပြီ ဖြစ်ပြီး လုပ်ငန်းတွေကို အခုနှစ်ထဲမှာပဲ ခပ်မြန်မြန် စတင်နိုင်ဖို့ ရည်ရွယ်ထားကာ ပူးပေါင်းထုတ်လုပ် လာမယ့် ပထမဆုံးသော ကားကိုတော့ လာမယ့် ၂၀၂၅ မှာ စတင် မြင်တွေ့ရဖို့ ရှိပါတယ်။

Photo Credit: MotorAuthority

ပူးပေါင်းမှု အရတော့ ကားတည်ဆောက် ထုတ်လုပ်မှု အပိုင်းတွေနဲ့ ရောင်းချမှု အပိုင်းတွေမှာ Honda က တာဝန်ယူမှာဖြစ်ပြီး ပုံရိပ်ပြင်ဆင်‌ တာတွေ ၊ Sensor အပိုင်းနဲ့ အခြားသော အဆင့်မြင့် နည်းပညာအပိုင်းတွေကို Sony ဘက်က တာဝန်ယူထားတာပါ။ ဒါပေမယ့် အခု ပူး ပေါင်းမှုအတွက် သီးသန့်စက်ရုံ တည်ဆောက်ဖြစ်မှာ မဟုတ်ပဲ Honda ရဲ့ စက်ရုံမှာပဲ ထုတ်လုပ်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပဲ အခု ပူးပေါင်းမှုမှာ ထုတ်လုပ်မယ့် ကားတွေအတွက် Platform တစ်ခုကိုလည်း Sony က ဖန်တီးဖို့ စီစဉ်နေပြီး အသေးစိတ်တွေ တော့ မသိရသေး ပါဘူး။ ဘယ်လိုမျိုး ကားအသစ်တွေထုတ်လုပ် ပေးလာမယ် ဆိုတာကိုလည်း သေချာမသိရသေးပေမယ့် Sony ကတော့ သူတို့ရဲ့ Vision-S Electric Sedan Concept ပေါ်မှာ အခြေခံထားတဲ့ Prototype ကား တစ်စီးကိုတော့ စတင် စမ်းသပ်နေပါပြီ။ အဆိုပါ Vision-S 02 ကိုပဲ Crossover အမျိုးအစား တစ်ရပ်အနေနဲ့ ချပြဦးမှာဖြစ်ကာ ဒီဇိုင်း အရတော့ Magna Steyra ကုမ္ပဏီဆီက Electric Platform ကို သုံးထားပုံ ရပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ Fisker Ocean ကားထုတ်လုပ်ဖို့ အတွက် Platform ထောက်ပံ့ပေးထားတဲ့ ကုမ္ပဏီဖြစ်ပြီး လာမယ့် နိုဝင်ဘာမှာ အဆိုပါ Ocean ကားတွေကို စတင် ထုတ်လုပ်မှာပါ။

Photo Credit: MotorAuthority

တကယ်လို့သာ အခု စီစဉ်ထားတဲ့အတိုင်း အရာအားလုံး အဆင်ပြေခဲ့မယ် ဆိုရင်တော့ နည်းပညာ ကုမ္ပဏီ ကြီးတွေထဲ ကားထုတ်လုပ်နိုင် တဲ့ ပထမဆုံး ကုမ္ပဏီအဖြစ် Sony တို့ မှတ်တမ်းဝင်နိုင်တော့မှာပါ။ တရုတ် နည်းပညာ အင်အားကြီး Huawei တို့ကလည်း လာမယ့် ၂၀၂၅ အရောက်မှာ ကိုယ်ပိုင် ထုတ်လုပ်ထားမယ့် ကားကို ချပြဖို့ ပြင်ဆင် နေသလို Apple နဲ့ Xiaomi တို့ ကလည်း ကိုယ်ပိုင် ကားတွေ ထုတ်လုပ် ဖို့အစီအစဉ် ရှိလို့နေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority