ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ Nissan ကတော့ Solid-State ဘက်ထရီ နည်းပညာအသစ်ရဲ့ စမ်းသပ်ခံ ဘက်ထရီ တွေကို စတင် ချပြလာခဲ့ပြီး ဈေးကွက်ထဲကို လာမယ့် ၂၀၂၈ လောက်မှာ ယူဆောင် လာလိမ့်မယ် လို့ ကုမ္ပဏီဘက်က ရည်မှန်းထားပါတယ်။ ဂျပန်နိုင်ငံ Kanagawa စီရင်စုနားမှာရှိတဲ့ Nissan ရဲ့ သုတေသန စင်တာ နေရာမှာ အဆိုပါ ဘက်ထရီ နည်းပညာသစ်ကို ပညာရှင်တွေ ၊ ကုန်ကြမ်းတွေ အစုံအလင်တွေနဲ့ ဖန်တီး စမ်းသပ်နေတာ ဖြစ်ပြီး အနာဂါတ်မှာလည်း ဒီနေရာမှာပဲ အပြည့်အဝ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ စီစဉ် နေတာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းစာ ရှင်းလင်းပွဲမှာလည်း Nissan က Yokohama စက်ရုံမှာ လာမယ့် ၂၀၂၄ ဘဏ္ဍာနှစ်ကစလို့ Solid-State ဘက်ထရီ တွေထုတ်လုပ်မယ့် နေရာကိုလည်း ထည့်သွင်းသွားတော့ မယ်လို့ တစ်ပါတည်း ပြောကြားခဲ့ပါတယ်။

Photo Credit: MotorAuthority

Nissan ကတော့ အဆိုပါ ဘက်ထရီ နည်းပညာအသစ်က ‌ဈေးအရမ်းမကြီးတဲ့ ကုန်ကြမ်းတွေကိုပဲ သုံးရမှာ ဖြစ်တာ ကြောင့် ကုန်ကျစရိတ် သိသိသာသာ လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါ့အပြင် အခု နည်းပညာ ကြောင့် လာမယ့် ၂၀၂၈ ဘဏ္ဍာရေးနှစ် လောက်ကစပြီး ကီလိုဝပ်နာရီ တစ်နာရီကို ၇၆ ဒေါ်လာ လောက် အထိ လျှော့ချ သွားနိုင်လိမ့်မယ်လို့ ရည်မှန်းထားကာ လက်ရှိ သာမန် Internal Combustion Engine တွေရဲ့ ဈေးနှုန်းတွေအတိုင်း အနာဂါတ်လျှပ်စစ်ကားတွေကိုဖြစ်အောင် လုပ်ပေးလာ နိုင်ဖို့လည်း မျှော်လင့် ထားပါတယ်။ ဒါ့အပြင် အဆိုပါ ဘက်ထရီ တွေမှာတော့ Lithium-Ion Battery Cells တွေ ပါဝင်လာမှာဖြစ်လို့ စွမ်းအင် သိုလှောင်နိုင်စွမ်းကအစ ၂ ဆ လောက် အထိ တိုးတက်လာမှာဖြစ် ကာ ဘက်ထရီ အားပိုများမယ့် အပြင် အားသွင်းလည်း ပိုမြန်လာလိမ့်မယ်လို့ Nissan တို့က ပြောကြားထား ပါတယ်။

Photo Credit: MotorAuthority

ဒီလိုမျိုး ဆွဲဆောင်မှု ရှိလွန်းတဲ့ ရလဒ်တွေကြောင့် တစ်ခြားသော ကုမ္ပဏီတွေ အဖို့လည်း မျက်စိကျစရာ ဖြစ်လာ နေခဲ့ပြီး Nissan လိုပဲ Toyota တို့ကပါ အခုနှစ် အကုန်လောက်မှာ ချသုံးနိုင်မယ့် ကိုယ်ပိုင် Solid-State Battery နည်းပညာကို ဖန်တီးနေပါပြီ။ အခြားသော ကုမ္ပဏီ တွေထဲမှာလည်း စတင် ရင်းနှီးလာခဲ့တဲ့ အခြေအနေတွေ ရှိနေပြီး Volkswagen ဆိုရင် QuantumScape ဆိုတဲ့ လုပ်ငန်း ၊ BMW နဲ့ Ford တို့ ဆိုရင် Solid Power ၊ Hyundai ၊ Mercedes- Benz နဲ့ Stellantis တို့ဆိုရင် Factorial Energy စတဲ့ လုပ်ငန်း တွေမှာမြုပ်နှံပြီး နည်းပညာသစ်ကို လေ့လာ နေကြပါတယ်။ Nissan အတွက်ကတော့ အခုဘက် ထရီ နည်းပဘာ အသစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀၂၁ မှာ ကြေညာခဲ့တဲ့ အနာဂါတ် လျှပ်စစ် စွမ်းအင် စီမံကိန်းတွေရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပြီး Nissan Ambition 2030 အရ လာမယ့် ၂၀၃၀ အရောက်မှာ Nissan နဲ့ Infiniti တို့ဆီကနေ လျှပ်စစ်ကားသစ် ပေါင်း ၁၅ မျိုး လောက် အထိကို မြင်တွေ့ရမှာပါ။ အဆိုပါ ကားသစ်တွေကို တော့ လာမယ့် ၂၀၂၅ မှာ မှ အသစ် တည်ဆောက်မယ့် အမေရိကန် နိုင်ငံ ၊ မစ္စစ္စပီ ပြည် နယ် ၊ Canton ဆီက စက်ရုံ အသစ်ကြီးမှာ ဖန်တီးလာနိုင်ပြီး Nissan ကတော့ သူတို့ရဲ့ လျှပ်စစ် ကားသစ် ရောင်းအားတွေကို လာမယ့် ၂၀၃၀ အမှီ အမေရိက ဈေးကွက်မှာလည်း ၄၀ % လောက် အထိကို ရရှိဖို့ ရည်မှန်းထား တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority