Tesla ရဲ့ပိုင်ရှင် Elon Musk တစ်ယောက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ကားဘက်ထရီ တွေထဲ အဆန်းသစ်ဆုံးသော ဒီဇိုင်း တစ်ခုအဖြစ် အအေးဗူး လောက်ပဲရှိတဲ့ ဘက်ထရီတစ်မျိုးကို စတင်ချပြခဲ့ ပါတယ်။ အဆိုပါ ဘက်ထရီကိုတော့ 4680 battery လို့ အမည် ပေးထားပြီး Tesla Model 3 လိုမျိုး ကားတွေမှာ သုံးနိုင်မှာပါ။ အဓိက ကတော့ ကားအတွင်း လုံးဝကို နေရာစား သက်သာစေမှာရယ် ၊ ပြုပြင် ထိန်းသိမ်းရမယ့်စရိတ်စကတွေ သက်သာသွားနိုင်တာကြောင့် ကားဝယ်သူတွေအတွက်လည်း အတော်လေးအကျိုးရှိမှာ ဖြစ်ပါတယ်။ အဆိုပါ ဘက်ထရီကို ထုတ်လုပ်ပေးနိုင်ဖို့ အတွက် ကုမ္ပဏီရဲ့ လက်ရှိ Supplier ဖြစ်သူ Panasonic ကို Elon Musk က ရွေးချယ်ခဲ့ ပေ မယ့်လည်း ထုတ်လုပ်မှု အဆင့်ဆင့်က များပြား ရှည်ကြာလွန်းတာကြောင့် အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ ဒါကြောင့် နောက်ထပ်သေချာ လုပ်ပေး နိုင်မယ့် Supplier တွေကို ရှာဖွေနေခဲ့ရတာ ဖြစ်ပြီး သေချာတော့ မသိရသေးပါဘူး။ ဒီကိစ္စ မှာတော့ Panasonic က ဘက်ထရီ ဒီဇိုင်းနဲ့ ပတ်သက်ပြီး အချိန် အတော်လေး ယူရဉီးမှာ ဖြစ်ကာ ကားတွေမှာ တကယ်အသုံးပြုပြီဆိုရင်လည်း အန္တရာယ်ကင်းဖို့ကို ဦးစားပေးရမှာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် အခု နောက်ပိုင်း ထွက်ပေါ်လာတဲ့ အဆိုပါ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ အရတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့ပုံရပြီး အခု လာမယ့် ဘဏ္ဍာရေးနှစ် အကုန်မှာ ဘက်ထရီ အသစ်တွေကို စတင် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ အခုနှစ်အတွက် ဘဏ္ဍာရေး တစ်ဝက်ကာလ လောက်မှာတင် ကုမ္ပဏီရဲ့ မြောက်အမေရိက ဘက်ထရီစက်ရုံမှာ Production Line အသစ်ဆင်ပြီးအဆိုပါ 4680 Battery တွေရဲ့ Prototype တွေကို စတင်ထုတ်လုပ်လာနိုင်လိမ့်မယ်လို့သိရပါတယ်။ ဒါ့အပြင်  ကုမ္ပဏီ ရဲ့ နောက်ထပ် Report မှာ ဆိုရင်တော့ သုတေသနတွေ သေသေချာချာဆက်လုပ်ပြီး ဂျပန်နိုင်ငံမှာ ရှိတဲ့ Wakayama စက်ရုံမှာပါ အဆိုပါ ဘက်ထရီတွေကို ထုတ်လုပ်နိုင်မယ့်စက်ပစ္စည်းတွေ တပ်ဆင်နိုင်ဖို့ လေ့လာသွားမယ်လို့ ဖော်ပြထား ပါတယ်။ စမ်းသပ် ထုတ်လုပ်မှုတွေကို တော့ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာတင်ပဲ မြင်လာရဖို့ ရှိနေပြီဖြစ်ကာ ဒီထက်ပိုသေးငယ်သေးတဲ့ 1865 Cells အသစ်တွေကိုလည်း ထုတ်လုပ်မှုရဲ့ နောက်ထပ် ချဲ့ထွင်လာ မှုတွေအဖြစ် မြင်ရဦးမှာပါ။

Photo Credit: CARBUZZ

Tesla ဘက်က အလျင်လိုနေမှုတွေ ရှိနေပေမယ့်လည်း Panasonic ကတော့ အချိန်နည်းနည်းယူပြီး Tesla အတွက် အဆိုပါ ဘက်ထရီ နည်းပညာအသစ်တွေကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့ အာမခံထားပြီး ဖြစ်ပါတယ်။ 4680 Battery အမျိုးအစားသစ်ကိုတော့ 46 mm ပဲရှိတဲ့ အချင်းနဲ့ 80 mm ပဲရှိတဲ့ အမြင့်တို့ကို အစွဲပြုကာ ခေါ်ဆို ထားတာ ဖြစ်ပါတယ်။ အဆိုပါ ဘက်ထရီရဲ့ စွမ်းဆောင်ရည်တွေကတော့ လက်ရှိမှာ Tesla ကားတွေ အတွက် အသုံးပြုနေတဲ့ 1865 နဲ့ 2170 Cell Battery တွေထက် ၅ ဆလောက်အထိ စွမ်းအင်ပိုသိုလှောင်နိုင်တာ တွေ့ရပါတယ်။ Tesla ဘက်ကလည်း အဆိုပါ 4680 Cell Battery နည်းပညာအသစ်ကို ကိုယ်တိုင် ထုတ်လုပ်မယ်လို့ အတည်ပြု ထားပေ မယ့် Panasonic CFO Hirokazu Umeda ကတော့ ဘဏ္ဍာရေးရှင်းတမ်း အတွင်းမှာ အဆိုပါ ဘက်ထရီ ထုတ်လုပ်ပေးဖို့ Tesla ဘက်က အကူအညီ တောင်းထားပြီးသား ဖြစ်တယ်လို့လည်း ဆိုထားပြန်ပါတယ်။ ဒါကြောင့် Panasonic အနေနဲ့ အဆိုပါ ဘက်ထရီ ထုတ်ကုန်အ သစ်အတွက် အစစအရာရာ အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ Tesla ကို ဦးစားပေးပြီး ထုတ်လုပ်ပေးတော့မယ် ဆိုတာကတော့ သေချာနေပြီ ဖြစ် ပါတယ်။

Ref: carbuzz.com