ဥရောပ ကား ဈေးကွက်တွေ အတွင်းမှာတော့ နေရာကျယ်ကျယ် ၊ လုပ်ဆောင်ချက် အဆင့်မြင့်မြင့်တွေနဲ့ ဈေးသက်သက်သာသာ ကားတွေကို ထုတ်လုပ်ပေးနေတဲ့ အပိုင်းမှာ Skoda ကားကုမ္ပဏီက နာမည် ရထား ပြီးသားဖြစ်ပါတယ်။ အခုဆိုရင်လည်း ကုမ္ပဏီ ရဲ့ Vision 7S ဆိုတဲ့ Concept ဟာ ယခင်ကားတွေရဲ့ ထုံးစံ အတိုင်း အတွင်းခန်း နေရာကျယ်ကျယ် ၊ လက်တွေ့ကျကျ အသုံးတည့်မယ့် Cabin နည်းပညာတွေနဲ့ အတူ လေးထောင့်ကျကျ ဒီဇိုင်းဆန်းဆန်း ကိုယ်ထည်အသစ် ပါဝင်လာတော့မှာပါ။ အခုဆိုရင်တော့ အဆိုပါ SUV အကြီးစား ကားရဲ့ အပြင်ပိုင်း ဒီဂျစ်တယ် ခန့်မှန်းပုံရိပ်တွေ စတင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး လက်ရှိ Skoda SUV ကားတွေနဲ့ ဘယ်လိုမှ မတူတဲ့ အပြင်ဘက် ကိုယ်ထည် ခပ်လန်းလန်းကို မြင်လာရပါတယ်။ အခုကားရဲ့ အဓိက ဆွဲဆောင်မှု တစ်ရပ်ကတော့ လုံးဝပြောင်းလဲ ပြင်ဆင်ထားတဲ့ အရှေ့ဘက် Fascia ပဲ ဖြစ်ပါတယ်။ လုံးဝကို အပြည့် ပိတ်ထားပြီး ခပ်ကျယ်ကျယ် ၊ ခပ်ပြားပြားဖြစ်နေတဲ့ Grille ကြီး ပါဝင်လာကာ Headlights ‌တွေ ကလည်း ၂ တန်းတွဲ ပုံစံနဲ့ ကားရဲ့ အစွန်တစ်ဖက်တစ်ချက် ဆီမှာ နေရာယူထားပါသေးတယ်။ အဆိုပါ မီးကြီးတွေရဲ့ အပေါ်မှာတော့ Daytime Running Lights တွေနေရာယူထားပြီး T-Shaped Light Signature Cluster ကို ကားအရှေ့ဘက်မှာ မြင်ရမှာပါ။

Photo Credit: motor 1.com

နောက်ထပ် သိသိသာသာ ပြောင်းလဲထားတဲ့ ဒီဇိုင်းအသစ်ကတော့ ကားရဲ့ ဘန်ဘာပေါ်က ဒေါင်လိုက်ပါလာတဲ့ အပေါက် ၇ ပေါက်ပါပဲ။ အလယ်တည့်တည့် နေရာမှာတော့ အတော်လေး ကွဲပြားတဲ့ အရောင်ကွဲ အစိမ်းလေးကို ထင်းနေအောင် မြင်ထားရပြီး အဆိုပါအပိုင်း တစ်ပိုင်းလုံးကိုတော့ အလူမီနီယံ Panel ကြီးနဲ့ ကာကွယ်ဖုံးအုပ် ပေးထားတာကို မြင်ရပါတယ်။ အနောက်ဘက်မှာလည်း အတော်လေး ဆင်တူတဲ့ အထားအသိုတွေကိုပဲ ဆက်မြင်ရမှာ ဖြစ်ပြီး T ပုံစံ မီးလုံး အပြင်အဆင်တွေကို Daytime Running Lights တွေနဲ့အတူ တွဲဖက်ကာ မြင်ရ ဦးမှာဖြစ်ပါတယ်။

Photo Credit: motor 1.com

ယခင် Teaser ပုံရိပ်တွေ အရတော့ Skoda က Vision 7S ရဲ့ အတွင်းခန်း ပုံရိပ်တွေကိုပါ အနည်းအကျဉ်း ချပြထားဖူးပါတယ်။ Cabin ပိုင်းကတော့ ၇ ယောက် စီးကိုမှ ၂ ယောက်တန်း ၃ တန်း ပါလာမှာပါ။ ထူးခြားတာ ကတော့ ၇ ယောက်စီးကို ကလေးအတွက် ထိုင်ခုံသီးသန့် လုပ်ပေးထားတာ ဖြစ်ပြီး ဒုတိယတန်း ထိုင်ခုံတွေနဲ့ တတိယ တန်းထိုင်ခုံတွေရဲ့ကြား အလယ်တည့်တည့် Console မှာ ထည့်ထားတဲ့ ဒီဇိုင်းကို သုံးပေးထားတာပဲ ဖြစ်ပါတယ်။ မြင်ထားရသလောက် ကတော့ Infotainment Display ကိုလည်း ဒေါင်လိုက်တပ်ဆင်ထားပြီး တကယ်သာ ဆိုရင်တော့ Skoda ကားတွေထဲ ပထမဆုံး ဖြစ်လာမှာပါ။ အနောက်ဘက် အပြင်ပိုင်းမှာတော့ Modern Solid လို့ အမည်ပေးထားတဲ့ ဒီဇိုင်း သုံးပေးထားပြီး မျိုးဆက်သစ် Superb အနေနဲ့ ထုတ်လုပ်မယ့် ကားတွေရဲ့ ပထမဆုံးသော အပြင်အဆင်လည်း ဖြစ်လာမှာပါ။ Skoda ရဲ့ Flagship ကားကတော့ လာမယ့်နှစ်မှာ မျိုးဆက်သစ် တစ်ရပ် အနေနဲ့ကို ပြောင်းလဲသွားတော့မှာ ဖြစ်ပြီး အဆိုပါ မျိုးဆက်သစ် မလာခင် အခုလာမယ့် ဩဂုတ် လ ၃၀ ရက်မှာတင်ပဲ Vision 7 S ကို တရားတင် မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com