Volkswagen Group ကုမ္ပဏီကြီးရဲ့ အရှိန်ရထားပြီးသား လျှပ်စစ်ကား ခေတ်သစ်ထဲ ထပ်ပေါင်းဝင်ရောက်လာတဲ့ ကား တစ်စီး ရှိလာခဲ့ပြီဖြစ်ပြီး အဆိုပါကားကတော့ Skoda ရဲ့ Enyaq RS iV ဆိုတဲ့ကားပါပဲ။ Coupe Design လိုမျိုး ခပ်လျှောလျှော လုံးလုံးလေးဖြစ်မယ့် အဆိုပါ ကားကိုတော့ Coefficient Drag ပမာဏ အတော်နည်းနည်းဖြစ်တဲ့ 0.234 အထိ ရအောင် ဖန်တီးပေးထားကာ Sport Model မှာ ဆိုရင်တော့ 0.265 ရှိမှာပါ။ ကားရဲ့ Range ကတော့ WLTP စံ စနစ်အရ ဆိုရင် တစ်ကြိမ်အားသွင်းထားရုံနဲ့ ၃၃၉ မိုင် ဒါမှမဟုတ် ၃၁၁ မိုင် လောက်အထိ မောင်းနှင်နိုင်ပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ လျှပ်စစ်မော်တာ ၂ လုံး၊ All-Wheel Drive တို့ ပေါင်းစပ်ထားတာကြောင့် စွမ်းဆောင်ရည် အတော် ကောင်းသွားပြီး အခုကားမှာလည်း 295 hp နဲ့ 338 lb-ft Torque တို့အထိ ရှိလာခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ရည် ပမာဏတွေကို VW ID.4 GTX နဲ့ ID.5 GTX တို့မှာလည်း မြင်ခဲ့ရဖူးပြီး အခုကားသစ်ကလည်း တစ်နာရီ ၆၂ မိုင် မြန်နှုန်းရဖို့ဆိုရင် ၆ စက္ကန့် ခွဲလောက် ပဲ ကြာမယ်လို့ သိရပါတယ်။ ဒါကြောင့် အမြင့်ဆုံး မြန်နှုန်းကလည်း အတော်လေး ကောင်းပြီးတစ်နာရီကို ၁၁၂ မိုင် အထိ ရှိနေမှာ ပါ။

Photo Credit: motor 1.com

ဘက်ထရီ ပိုင်းမှာလည်း DC အမြန်အားသွင်းစနစ်နဲ့ ဆိုရင် 135 kW အထိရတဲ့ 83 kWh Lithium-Ion Battery ကို သုံးထားတာကြောင့် ၁၀% ကနေ ၈၀% အထိ ပြည့်ဖို့ကို ၃၆ မိနစ်ပဲ ကြာမြင့်ပါလိမ့်မယ်။ ကား မောင်းနှင်ရာမှာလည်း Eco ၊ Comfort ၊ Normal နဲ့ Sport ဆိုတဲ့ Driving Mode တွေ စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပြီး AWD စနစ်ကြောင့် လမ်းချော် နေရင်တောင် တစ်နာရီ ၁၂ မိုင် လောက်အထိ အသာလေး မောင်းနိုင်မယ်လို့ သိရပါတယ်။ ယခင် Octavia RS ကားမှာ မြင်ခဲ့ ရဖူးတဲ့ Mamba Green ဆိုတဲ့ အစိမ်းရောင်ကို အခုကားမှာလည်း သုံးလာခဲ့ပြီး လက်မ ၂၀ အရွယ်သာမန်ဘီးတွေကိုလည်း တပ်ဆင် ပေးထားပါ တယ်။ ၂၁ လက်မအရွယ်ဘီးတွေကို ရွေးချယ်နိုင်ဦးမှာဖြစ်ကာ Full-LED Matrix Headlights တွေနဲ့ Wide Rear Reflector ‌တွေကိုလည်း ထည့်ပေးထားပါသေးတယ်။ ကားရဲ့ အတွင်းအပြင်တွေမှာ အနက်ရောင် Accents လေးတွေကို ထည့်ပေးထားပြီး Crystal Face လို့ အမည်ရတဲ့ Illuminated Grille ကိုလည်း သုံးပေးထားတာ တွေ့ရမှာပါ။ ကားရဲ့ အရှေ့နဲ့အနောက် မီးတွေမှာ ထူးခြားတာက ကားကိုစက်စနှိုးလိုက်ပြီ ဆိုတာနဲ့ စလိုက်မီးတွေလိုမျိုး အချက်ပြပေးမှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ Sport ဆန်တဲ့ ထိုင်ခုံတွေကိုမှ နောက်မှီတွေပါ နဂို ထည့်‌ပေးထားပြီး အနက်ရောင် Suedia Fabric တွေကိုလည်း ထိုင်ခုံတွေနဲ့ Dashboard တွေမှာ သုံးထားပါတယ်။ အဆိုပါ နေရာတွေမှာ ဆန့် ကျင့်ဘက် အစိမ်းရောင် လိုင်းလေးတွေကလည်း ကောင်းကောင်း အားဖြည့်ပေးထားပြီး တံခါးဘောင်တွေမှာလည်း ကာဗွန်ဖိုက်ဘာ Trim တွေ ပါဝင်ထား ပါသေးတယ်။ ဒါတင်မကသေးပဲ အနက်ရောင် Headliner ၊ အောက်ခြေအပြား ဒီဇိုင်းနဲ့ စတီယာတိုင် ၊ အစိမ်းရောင် Ambient Lighting ပိုင်းတွေနဲ့ အနက်ရောင် Pillars တွေကလည်း အတော်လေး လိုက်ဖက်နေပါတယ်။ ကားသစ်ကိုတော့ လာမယ့်နှစ်မှသာ စတင်ရောင်းချ မှာ ဖြစ်ပြီး ၂၀၀၀ ခုနှစ် ကတည်းကထုတ်လုပ်ကာ အစီးရေ ၁၀၀,၀၀၀ ကျော်အထိကို အောင်အောင်မြင်မြင် ရောင်းချထားပြီးသားဖြစ်တဲ့ Skoda ကားတွေရဲ့ ဂုဏ်ကို ဆက်ထိန်းနိုင်မလား ဆိုတာကတော့ စောင့်ကြည့် သွားရတော့မှာပါ။

Ref: motor 1.com