လွန်ခဲ့တဲ့ ၁၉၁၁ ခုနှစ် ဖေဖော်ဝါရီ လ ၆ ရက်နေ့မှာတော့ ကားလောကသမိုင်းမှာ ကားအမျိုးမျိုးတွေရဲ့ အင်ဂျင် စက်ဖုံးတွေအကြား အမှတ် အရဆုံး အမှတ်သညာတစ်ခု စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Rolls-Royce ရဲ့ Spirit Of Ecstasy ဆိုတဲ့ အမှတ်သညာ အရုပ်လေးပဲဖြစ်ကာ သာမန်စက်ဖုံးပေါ်က အရုပ်လေးပါပဲလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ အဓိက ကတော့ အဆိုပါ ဗြိတိန် နာမည်ကြီး ကားကုမ္ပဏီရဲ့ ရေရှည်အတွက် ကြိုတွေး ပြီး ဖန်တီးခဲ့တဲ့ အမှတ်သညာ တစ်ခုဖြစ်ခဲ့ကာ အခုဆိုရင်တော့ ပိုကောင်းတဲ့ လျှပ်စစ်ကား ခေတ် သစ်အတွက်ရည်ရွယ်ပြီး အဆိုပါ Spirit Of Ecstasy လေးကို ဒီဇိုင်းပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Rolls-Royce ချစ်သူ တွေအဖို့ အမှတ်ရနေဆဲ ပုံစံလေးကိုပဲ ဆက်လက် အသက်သွင်းထားတာ ဖြစ်ပြီး လျှပ်စစ်ကား အနာဂါတ် နဲ့ အဆင်ပြေမယ့် ဒီဇိုင်းအဖြစ် သာ အနည်းငယ် ခြယ်သမွမ်းမံလိုက်တာပါ။ အဆိုပါ အရုပ်လေးရဲ့ အမျိုးသမီး လက်နှစ်ဖက် နောက်ကို ဆန့်တန်းထားတဲ့ဟန် Wing လေး ကလည်းယခင်လိုပဲ လေအဟုန်ကိုခွင်းသွားတဲ့ ဒီဇိုင်း အတိုင်းပဲ ဆက်ရှိ နေခဲ့ကာ ပြောင်လက်နေတဲ့ အသွင်သဏ္ဍာန်နဲ့ ခန့်ခန့်ညားညား ရှိလို့နေပါတယ်။ ဒါပေမယ့် အခု ပုံစံ အသစ်လေးကို သေချာကြည့်မယ် ဆိုရင်တော့ အဆိုပါအရုပ်လေးက ယခင်လိုမျိုး ခပ်မတ်မတ် ရပ်နေ တာ မဟုတ်တော့ပဲ အရှေ့ဘက်ကို နည်းနည်းယိမ်းထားတဲ့ ပုံစံမျိုးလေးနဲ့ ဟန်ချက်ထိန်းပေးထားကာ Rolls-Royce တို့ ကတော့ ဒီအနေ အထားကို True Goddess Of Speed လို့ အမည်ပေးထားတာကြောင့် မြန်နှုန်းနဲ့ ပတ်သက်လာရင် ဂန္ဓဝင် ဆန်တယ်ဆိုတဲ့ အရသာကို ပေးနိုင်ပါလိမ့်မယ်။
အခုလို အနည်းငယ်ပြောင်းလဲမှုတွေရဲ့ အဓိက လက်တွေ့ကျတဲ့ အချက်ကတော့ Aerodynamic အပိုင်း ပိုကောင်း အောင်လို့ပါပဲ။ အခု အရုပ် အသစ်လေးက ယခင်ထက် အနည်းငယ်လည်း ပိုပြီး ပုသွားသလို ပုံစံကလည်း လေနဲ့ အလိုက်သင့်လေးမျောနေမယ့် ပုံလေး ဖြစ်လာ ပါတယ်။ အရေးကြီးတာကတော့ Rolls-Royce ရဲ့ လျှပ်စစ်ကားတွေ ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်လာတဲ့အခါ အခု အမှတ်သညာအသစ် လေးက တွဲဖက်ပါလာတော့မှာပဲ ဖြစ်ပါတယ်။ လေစီးအားနဲ့ မျောနေမယ့် ဒီဇိုင်းလေးကို အသေးစိတ် ရေးဆွဲထားတာကလည်း ယာဉ်ရဲ့ ပိုကောင်းတဲ့ Range ကို ဖော်ကျူးထားတာ ဖြစ်သလို အသစ်ထွက်ပေါ်လာမယ့် Rolls-Royce ရဲ့ Spectre EV အသစ်ဟာဆိုရင် Drag Coefficient ပမာဏ အနေနဲ့ 0.26 လောက်ပဲ ရှိလာလိမ့်မယ်လို့ကို အတည်ပြုထားပြီးပါပြီ။
ကုမ္ပဏီရဲ့ CEO Torsten Muller-Otvos ကတော့ အခု Spirit Of Ecstasy လေးကတော့ ကားလောကထဲမှာ နာမည် အကျော်ကြားဆုံး လာဘ်ကောင်လေးပါပဲလို့ ဖော်ကျူးထားသလို အဆိုပါ အရုပ်လေးကတော့ သင်္ကေတ တစ်ခုထက်ပိုပြီး Brand ရဲ့ အနှစ်သာရတွေ အားလုံး စုစည်းထားရာ နေရာလေးလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မကသေးပဲ ဂုဏ်ယူစရာ အမှတ်သညာတစ်ခု ဆိုတာသေချာပြီး အရုပ်လေးရဲ့ သက်တမ်းနဲ့ ရပ်တည်မှု တို့ကလည်း Rolls-Royce နဲ့အတူ ရင့်ကျက်လာတယ် ဆိုတာကို ပြနေသလိုပါပဲ။ ဒါကြောင့် အခု ပုံစံအသစ်မှာ ဆိုရင် ပိုပြီး ချောချောမွေ့မွေ့နဲ့ ယခင်ထက် ပိုကျက်သရေ ရှိနေမှာအမှန်ပဲ ဖြစ်ကာ အသစ်ဖန်တီးလာမယ့် Rolls-Royce ရဲ့ လျှပ်စစ်ကား အနာဂါတ်နဲ့ အတော်လေး လိုက်ဖက်နေလိမ့်မယ်လို့ CEO က ပြောကြားထားခဲ့ပါတယ်။ ပုံစံ အသစ် လေးကို အခုစတင် မြင်ရပြီဆိုပေမယ့်လည်း Rolls-Royce ကားတွေပေါ်မှာတော့ မြင်ရဖို့ စောင့်ဆိုင်းရဦးမှာပါ။ လက်ရှိ အရုပ်လေးကတော့ ဟိုးယခင် Internal Combustion Engine ကားတွေ ကတည်းကနေ ဆက်တိုက် သုံးလာတဲ့ အရုပ်လေးကိုပဲ ဆက်မြင်ရဦးမှာ ဖြစ်ပါတယ်။ အဆိုပါ အရုပ် Version အသစ်လေးကိုတော့ လာမယ့် ၂၀၂၃ မှာ စတင် ပွဲထွက်လာမယ့် လျှပ်စစ်ကား Spectre ကစလို့ နောက်ပိုင်း လျှပ်စစ်ကား တွေမှာ ဆက်လက် မြင်တွေ့ရဖို့ ရှိနေပြီပဲဖြစ်ပါတယ်။
Ref: motor 1.com