နာမည်ကျော် Rolls-Royce တို့ ကတော့ သူတို့ရဲ့ Spectre ကားသစ်နဲ့ အတူ လျှပ်စစ်ကား ခေတ်သစ်တစ်ခုကို စတင် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီ။ Spectre ကတော့ Rolls-Royce အတွက် ပထမဆုံးသော လျှပ်စစ်ကား ဖြစ်လာမှာ ဖြစ်လို့ သိသာတဲ့ အပြောင်းအလဲ ကြီး တစ်ရပ်ပါပဲ။ အခု ဆိုရင်တော့ CEO Torsten Muller-Otvos ကိုယ်တိုင်ကလည်း Car Magazine နဲ့ အင်တာဗျူး တစ်ခုမှာ Rolls-Royce ကို လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကားသီးသန့် ကုမ္ပဏီ အနေနဲ့ပဲ မြင်ရတော့မယ်လို့ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အင်တာဗျူးမှာတော့ Muller-Otvos ကိုယ်တိုင်က သူတို့ အနေနဲ့  သာမန်အင်ဂျင်နဲ့ လျှပ်စစ် အတူတွဲသွားလို့ မရနိုင်မှန်းသိရှိထား ပြီး အခုသမိုင်းသစ် ရေးထိုးမယ့် Spectre နဲ့ အတူ နောက်ပိုင်းမှာလည်း Rolls-Royce လျှပ်စစ်ကားသီးသန့်တွေချည်း ဖန်တီးလာမှာပါလို့ ဆိုခဲ့ပါတယ်။

Photo Credit: motor 1.com

အခု 2023 Rolls-Royce Spectre ကားသစ်ကိုကြည့်မယ်ဆိုရင် အပြင်ပိုင်း အချိုးအစားတွေ အကုန်လုံး သာမန် အင်ဂျင်သုံး Rolls-Royce နဲ့ ဆင်တူပေမယ့်လည်း လျှပ်စစ်သီးသန့်ပဲ ဖြစ်လာမှာပါ။ နောက်ဆုံးပေါ် လျှပ်စစ် စွမ်းအင် ပေါင်းစပ်ထားမှာနဲ့အတူ အခြားသော ဒီဇိုင်းနဲ့ မောင်းနှင်ရတဲ့ အရသာတွေကိုတော့ Rolls-Royce တို့ရဲ့ ဂုဏ်ပုဒ်တွေ အတိုင်း ဆက်ပြီး ရရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း နောက်လာမယ့် လျှပ်စစ် ကားသစ်တွေအတွက် Rolls-Royce Spectre ကို ရှေ့ပြေးအဖြစ် စတင်ထုတ်လုပ်ပေးလာတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် Muller-Otvos ကတော့ သူတို့ရဲ့ Cullinan Ghost နဲ့ Phantom တို့ အပါအဝင် သာမန်အင်ဂျင်ကားတွေကိုတော့ အချိန် အတော် ကြာကြာ ရရှိ နိုင်လိမ့်ဦးမယ်လို့ ဆိုထားပါတယ်။ တကယ်တော့ Rolls-Royce တွေဆိုတာက ငြိမ့်ညောင်းမှု ၊ တိတ်ဆိတ်တဲ့ မောင်းနှင်မှုမျိုးနဲ့ အတော်လေး သက်တောင့်သက်သာ ရှိတဲ့ ပုံစံမျိုးကို အသားကျပြီး ဖြစ်တာကြောင့် လျှပ်စစ်ကား ခေတ်သစ် ကူးပြောင်းရာမှာ Rolls-Royce အတွက် အခက်အခဲ မရှိနိုင်တာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ အနေများတဲ့ အပြင် ခရီးတိုတွေ များများသွားရလေ့ ရှိတဲ့ Rolls-Royce ရဲ့ Customer တွေအတွက် ကိုလည်း လျှပ်စစ်ကားသစ်တွေ က အသုံးတည့်လိမ့်မယ်လို့ Muller-Otvos က ယုံကြည်နေပါတယ်။

Photo Credit: motor 1.com

တကယ်တော့ ကုမ္ပဏီက လျှပ်စစ်ကားတွေ ဖန်တီးဖို့အတွက် ဆယ်စုနှစ် တစ်ခုလောက်ကို အချိန်ယူ ပြင်ဆင် နေခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ Spectre ကားနဲ့အတူ စမြင်လာရတောပါ။ ကားရဲ့ ဇိမ်ခံအရသာ ၊ မောင်းလို့ ကောင်းတယ်ဆိုတဲ့ အနေအထားတွေကိုလည်း အခုလျှပ်စစ် ခေတ်သစ်မှာ Rolls-Royce တို့ သေချာပေါက် ထိန်းသိမ်းလာ ပါဦးမယ်။ ဒါ့အပြင် အခုလို အကူးအပြောင်းက Rolls-Royce ရဲ့ အစဉ်အလာနဲ့လည်း ကိုက်ညီ နေခဲ့တာ ဖြစ်ပြီး Rolls-Royce ဟာ ကားအတွင်း လျှပ်စစ်ကို ပုံစံအသစ်နဲ့ သုံးစွဲကြဖို့ ကြိုးစားခဲ့ကြတာကို နဂိုကတည်းက စိတ်ဝင်စားထားကြလို့ပဲ ဖြစ်ပါတယ်။

Ref: motor 1.com