Opel ကုမ္ပဏီကတော့ သူတို့ရဲ့ Sustainable Urban Mobility (SUM) လို့ ခေါ်တဲ့ ယာဉ်အမျိုးအစားတွေ ထဲမှာ အသစ် တစ်မျိုး ထပ်ထည့် ပေးလိုက်ပါတယ်။ အဆိုပါ ကားကိုတော့ Rocks-e Kargo လို့ အမည်ပေး ထားပြီး မြို့တွင်းမှာ သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်ပဲ ပစ္စည်းပို့ဆောင်နိုင်မယ့် ကားလေးတွေ ဖြစ် လာမှာပါ။ ဒါပေမယ့် ဥရောပ သမဂ္ဂရဲ့ ကာဗွန်ထုတ်လုပ်မှု အဆင့်သတ်မှတ်ချက်အရ ကြည့်မယ် ဆိုရင်တော့ အခု ယာဉ်လေးတွေက ကားဆိုတာ ထက် Quadricycle ဆိုတဲ့ စက်တပ်ယာဉ် အဆင့်ပဲ ဖော်ပြခံရဖို့ ရှိပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုပါ ယာဉ် လေးတွေက ယခင် Citroen My Ami Cargo ယာဉ် လေးတွေ နေရာမှာ တံဆိပ်ပြောင်းလဲ ဝင်ရောက်လာတာ ဖြစ်ပြီး ခရီးသည် ထိုင်ခုံ လုံးဝမပါဝင်တော့ပဲ ၁၀၆ ဂါလံ (လီတာ ၄၀၀) လောက်အထိကို ပစ္စည်းတင်နိုင်တဲ့ နေရာနဲ့ အစားထိုး ပြောင်းလဲ ပေးလိုက်တာပါ။

Photo Credit: motor 1.com

ပိုပြီးရှည်တဲ့ ပစ္စည်း တွေကိုမှ တင်ချင်တယ်ဆိုရင်တော့ အခုကားမှာ ဆွဲဆန့်လို့ရတဲ့ ကြမ်းပြင်တစ်ခု ပါဝင် သေးပြီး ၄၇.၂ လက်မ လောက် အထိကို မူလထက် ပိုရှည် သွားစေမှာပါ။ ဒါ့အပြင် အဆိုပါ အစိတ်အပိုင်း အပိုကတင်ပဲ ၃၀၉ ပေါက် လောက်အထိ သယ်နိုင်သေးတာ ဖြစ်ပါတယ်။ ပါဆယ်ပစ္စည်းတွေ ၊ ပီဇာလို စား သောက်စရာတွေနဲ့ အခြား သော Cabin ပိုင်းထဲ ထည့်သွားရတဲ့ အရာမျိုးတွေ အတွက်လည်း သူ့နေရာနဲ့ သူရှိလာပြီးသား ဖြစ်ပါတယ်။ အဓိက အခု ကားလေးကို ပိုပြီး အသုံးတည့် သွားစေတာကတော့ အရွယ်အစား ကြောင့်ပဲ ဖြစ်ပြီး ကားအရှည်က ၉၃.၉ လက်မ ၊ အကျယ် ကတော့ ၅၄.၇ လက်မ နဲ့ အမြင့်ကတော့ ၅၉.၈ လက်မအထိ ရှိနေတာပါ။ ဒါကြောင့် တကယ့်ကျဉ်းထဲကြပ် ထဲ နေရာ ကျဉ်းကျဉ်းလေးတွေ အထိလည်း အခု ကားလေးက ကောင်းကောင်း ပို့ဆောင်ပေးနိုင် မှာဖြစ်ပြီး ကားကွေ့ လို့ ရမယ့် ပမာဏကလည်း ၂၈၃.၅ လက်မ အထိ ရှိတာကြောင့် အတော်လေးကို ခေါင်းဝင်ကိုယ်ဆန့် ဖြစ်နေစေမှာ သေချာ ပါတယ်။

Photo Credit: motor 1.com

ယခင် မြင်ခဲ့ရတဲ့ ၂ ယောက်စီး Rocks-e ကားလေးတုန်းကလိုပဲ အခုကားရဲ့ စွမ်းဆောင်ရည်ကတော့ 8 hp အထိ ရှိပြီး မြန်နှုန်းအနေနဲ့ ကတော့ အမြင့်ဆုံးဆိုရင် 12 hp လောက်အထိ အဆုံးစွန် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်။ ကားအတွက် 5.5 kWh Battery ကို ထည့်သွင်း ပေးထားပြီး သာမန် AC မီးအား နဲ့ ပဲ ၄ နာရီ သွင်းပေးရင် လုံလောက် မှာပါ။ ဒါ့အပြင် အားအပြည့်နဲ့ ဆိုရင် ၄၆.၆ မိုင် လောက်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ကားလေးအတွက် အမှာစာတွေ ကို ဂျာမနီမှာ စတင်လက်ခံနေပြီ ဖြစ်ပြီး အခုနှစ် နှောင်းပိုင်းမှာ နယ်သာလန်အထိ ရောက်လာဖို့ ရှိပါတယ်။ အခြား ဈေးကွက်တွေကိုလည်း နောက်ပိုင်း ဆက် လက် ဖြန့်ချီလာနိုင်ပြီး အမေရိက ဈေးကွက်အထိ ရောက်လာ မလား ဆိုတာ တော့ မသေချာသေးပါဘူး။ တကယ်လို့ Stellantis ကုမ္ပဏီ အနေနဲ့သာ Citroen Ami ကား တွေကို ထုတ်လုပ်ပေးမယ် ဆိုရင်တော့ ဖြစ်နိုင်ချေရှိလာနိုင်ပါတယ်။

Ref: motor 1.com