လှေလှော်ပြီး ခရီး ထွက်ချင်တယ် ၊ သင်ကိုယ်တိုင်က လောလောဆယ် ကားထဲမှာ ဆိုရင်တော့ ကားကို ဆိပ် ကမ်းမှာရပ်ခဲ့ပြီး လှေတစ်စီး ငှားထွက်သွားရမှာပုံမှန်ပါပဲ။ နောက်ထပ် ပိုအဆင်ပြေမယ့် နည်းတစ်နည်းက တော့ ကိုယ့် ရဲ့ကိုယ်ပိုင်လှေကို ကုန်တင်ကားတစ်စီးပေါ် ဒါမှမဟုတ် SUV တစ်စီးလောက်ပေါ်မှာ ယူလာပြီး ရေတွေ့ရင် ချမောင်း လိုက်ရုံတော့ ရပါလိမ့်မယ်။ ဒါပေမယ့် တကယ်လို့များ အဲ့လိုတွေ အလုပ်ရှုပ်စရာ မလိုပဲ ကိုယ်မောင်းလာတဲ့ ကားကိုပဲ တစ်ခါတည်း လှေလိုပါလှော်သွား၊ မောင်းသွားလို့ ရမယ်ဆိုရင်ရော အဆင်ပြေ နိုင်မလားဆိုတာ ကြည့်ကြရအောင်ပါ။ အခုတော့ အလားတူ နည်းပညာနဲ့ ကားလှေတစ်စီးကို YouTube Channel တစ်ခုဖြစ်တဲ့ AdamC3046 မှာ စတင် တွေ့ခဲ့ရပါတယ်။ ၇ ခုမြောက် မျိုးဆက် Ford Fiesta ကားကို တော်တော်လေး အသုံးတည့်မယ့် အခုလို ကားနဲ့လှေ ပေါင်းစပ် ယာဉ်တစ်စီး အဖြစ် ပြောင်းပေးထား တာဖြစ်ပြီး လက်ရှိလည်း ယူကေမှာ လမ်းပေါ်သုံးနိုင်တဲ့ တရားဝင် ယာဉ် တစ်စီး ဖြစ်လို့ နေပါတယ်။ အဆိုပါ Video ထဲမှာ ပြောထားတာကတော့ ဒီယာဉ်ကို အဖေနဲ့ သား ၂ ယောက် ပေါင်းပြီး ကိုဗစ်ကပ်ရောဂါ Lockdown ကာလအတွင်း ဖန်တီး ဖြစ်ခဲ့ ကြတာလို့ သိရပါတယ်။

 

အဓိက ကောင်းတဲ့တစ်ချက်က ကားကို ဆန်းဆန်း ပြားပြားထွင်ထားတာ ဖြစ်ပေမယ့်လည်း ကြည့်လိုက်တာ နဲ့တင် Ford Fiesta ဆိုတာ သိသာ နေစေသေးတာပါပဲ။ ယာဉ်ရဲ့ အပေါ်ဘက်ပိုင်း တစ်ခုလုံးကို နဂို Subcompact ကား တစ်စီးလုံး အတိုင်းပဲ ဖြစ်ပြီး အောက်ပိုင်းကတော့ Dutton Reef ရဲ့ ဖိုက်ဘာ Glass ကိုယ်ထည်နဲ့ ဖန်တီး ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ဘီးတွေကလည်း Fiesta ရဲ့ နဂိုမူလ အလွိုင်း ဘီးတွေ ကိုပဲ သုံးပေးထားတာပါ။ အခုလိုမျိုး ခပ်ဆန်းဆန်းယာဉ် တစ်စီးအဖြစ် ပြောင်းလဲ နိုင်ဖို့ အတွက်ကတော့ မူလကားကို ပြုပြင်မှုတွေ သေချာလေး လုပ်ခဲ့ ရပြီး အင်ဂျင်ကိုလည်း အနောက်ဘက် ထိုင်ခုံတွေ နောက်ကို ပို့လိုက်ရကာ အိတ်ဇော ပိုက်တွေကိုလည်း ရေမထိအောင် ခပ်မြင့်မြင့်ကို နေရာ ပြောင်းလိုက်ရပါတယ်။ ကားရဲ့ Wheelbase ကိုလည်း အင်ဂျင် အလယ်ပိုင်း ပြောင်းထား လိုက်တာနဲ့ အတူ လိုက်ဖက်အောင် ပိုရှည် အောင် လုပ်ပေးထားလိုက်ပြီး အမိုးကိုလည်း အဖွင့် Boating Pressure ရအောင်လို့ ဖြတ်ထုတ် ပေးထားပါ တယ်။

Photo Credit: motor 1.com

လှေတစ်စီးလိုအလုပ်လုပ် ချိန်မှာ ပန်ကာတွေ လည်ပတ်ရ အဆင်ပြေအောင်လို့ ကားရဲ့ ဂီယာကို ရေထဲမှာ မောင်းချိန် ထိန်းချုပ် လို့ရအောင် ပြောင်းလဲ ပေးနိုင်တဲ့ ခလုတ်တစ်ခုပါ ထည့်ပေးထား ပါသေးတယ်။ အရှိန် ကို ကတော့ ခြေနင်း ကပဲ ထုံးစံအတိုင်း နင်းရမှာဖြစ်ပြီးတော့ စတီယာတိုင်ရဲ့ အကွေ့ပေါ်မူတည်ပြီး လှေအ နေနဲ့ ဆိုရင်လည်း ဘယ်ညာကို ရိုးရိုးရှင်းရှင်းပဲ ရွေ့မှာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အပျော်အနေနဲ့ပဲ ဝါသ နာအရဖန်တီးထားတဲ့ ထူးထူးခြားခြား ယာဉ်တစ်စီးဖြစ်တာကြောင့် အားနည်းချက်တွေကတော့ ရှိနေပါသေး တယ်။ ရေထဲမှာ မောင်းမယ် ဆိုရင် ရေမိုင်က 7 Knots လောက်ပဲရမှာဖြစ်ပြီး တစ်နာရီကို ၈ မိုင် လောက်ပဲ ရှိတာဖြစ်လို့ တကယ့် Speed Boat အတိုင်းလောက်တော့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပြန်စဉ်းစားကြည့်ရင်တော့လမ်းပေါ်က Ford Fiesta ဘယ်နှစ်စီး လောက်ကများရေထဲ ဆင်းမောင်းနိုင်မှာ လဲလို့ တွေးလို့ရပါတယ်။ ဒါကြောင့် ဒီလို ဆန်းဆန်းပြား ပြား ကိုယ်တိုင် လက်ရာမျိုးကတော့ ချီးကျူးစရာပါ ပဲ။

Ref: motor 1.com