Rivian ကတော့ သူတို့ရဲ့ R2 ဆိုတဲ့ Platform အသစ်နဲ့အတူ ပိုသေးပြီး ပိုလည်းဈေးသက်သာမယ့် ကျစ်ကျစ် လစ်လစ် လျှပ်စစ် ကားလေးတွေ ထုတ်ပေးမယ့် အစီအစဉ်ကို ၂၀၂၆ လောက်အထိ နောက်ဆုတ်လိုက်ရ ပါတယ်။ အဆိုပါ Platform အသစ်ပေါ်က ကားသစ်တွေ အကြောင်းကို အသေးစိတ် ပြောခဲ့တာမျိုး မရှိပေမယ့်လည်း ကုမ္ပဏီ ရဲ့ CEO နဲ့ Founder ဖြစ်သူ R.J.Scaringe ကတော့ ၂၀၁၉ ကတည်း ကကို လာမယ့် ၂၀၂၅ အရောက်မှာ ကားသစ် ၆ မျိုးအထိ ရှိရမယ်လို့ ဆိုခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ R1S SUV နဲ့ R1T Pickup ကား ၂ မျိုးကို ချပြထားပြီးဖြစ်ပြီး Amazon ကုမ္ပဏီအတွက် သီးသန့် Delivery Van တစ်စီးလည်း ရှိထားပါသေးတယ်။

Photo Credit: MotorAuthority

ဒါပေမယ့် အခုလိုမျိုး Platform အသစ်နဲ့ ကားသစ်တွေ ထုတ်လုပ်ဖို့ နှေးသွားရခြင်း အကြောင်းကိုတော့ အမေရိကန် နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက Atlanta မှာ ဆောက်လုပ်မယ့် ကားထုတ်လုပ်ရေး စက်ရုံအ တွက် မြေနေရာ ညှိနှိုင်း မရတာကြောင့်လို့ ဆိုထားပါတယ်။ ဒေါ်လာ ၅ ဘီလီယံ အထိ တန်ကြေးရှိတဲ့ အဆိုပါ စက်ရုံကြီးက Rivian အတွက် ဒုတိယမြောက် စက်ရုံဖြစ်ပြီး ၂၀၂၁ တုန်းက ကြေညာချက်အရတော့ အခု ၂၀၂၂ နှစ်လယ်ပိုင်းမှာ စတင်လည်ပတ်ဖို့ ဖြစ်ကာ ၂၀၂၄ မှာ ပထမဆုံး ကားသစ်တွေ ထုတ်လုပ်ပေးနိုင်ဖို့ ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ လ တုန်းကပဲ ဒီစီမံကိန်းအတွက်ကို ဆက်လုပ်နိုင်ဖို့ သံသယ ရှိတယ်ဆိုပြီး ဖြစ်နိုင်ချေတွေ ပြန်လည်ဆန်းစစ်ဖို့ ဒေသခံ တာဝန်ရှိသူတွေက ဆိုလာတာကြောင့် ဆိုင်းငံ့ခဲ့ ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဆိုပါ ဂျော်ဂျီယာ ပြည်နယ်က တာဝန်ရှိသူတွေနဲ့ ဆက်လက် ညှိနှိုင်းပြီး အဆင် ပြေအောင် ဆက်လုပ်သွားမယ်လို့တော့ Rivian ဘက်က အတည်ပြုထားပါတယ်။

Photo Credit: MotorAuthority

ပြီးခဲ့တဲ့ ၂၀၂၁ ထဲမှာတော့ Rivian ကုမ္ပဏီ ကနေ ၁၃.၇ ဘီလီယံ ဒေါ်လာအထိကို Initial Public Offering အနေနဲ့ စတင် ထားနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကားသစ် ထုတ်လုပ်တာတွေ ၊ လက်ရှိ ကားမော်ဒယ်တွေ ကို အရေအတွက် တိုး ထုတ်ရတာတွေနဲ့ ငွေကြေးပိုင်း အခက်အခဲ တစ်ချို့တော့ ရှိလာခဲ့တာပါ။ အခုနှစ်ရဲ့ တတိယ ၃ လ ပတ် ကာလ မှာဆိုရင် ကုမ္ပဏီ ကနေ ၁.၇၂ ဘီလီယံ လောက်အထိ အနုတ်လက္ခဏာ ပြခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ကာလတူ ကာလတုန်းက ဆိုရင်လည်း ၁.၂၃ ဘီလီယံခန့် အလားတူပဲ အနုတ်လက္ခဏာ ဆောင်ခဲ့ဖူးတာပါ။ ဒါပေမယ့် Rivian ကတော့ စက်တင်ဘာ တစ်လလုံးမှာတင် ကား အစီးရေ ၁၅,၀၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ပြီး အခု ၂၀၂၂ အတွက် ဆိုရင် အစီးရေ ၊၂၅,၀၀၀ လောက်အထိ ဆက်လက် ထုတ်လုပ်ပေးလာဖို့ ရှိနေပါတယ်။ ၂၀၂၅ မှာ ရည်ရွယ်ထားတာ တွေလည်ပတ်ဖို့အတွက် ငွေကြေးပိုင်းမှာလည်း ယုံကြည် မှု အပြည့်ရှိတယ်လို့ ကုမ္ပဏီက ဆိုထားပါသေးတယ်။ ဒါ့အပြင် R2 Platform အသစ် အခြေပြုကာ ထုတ်လုပ်လာမယ့် ကားသစ်တွေကလည်း ကုမ္ပဏီရဲ့ ထိုးတက် သွားမယ့် ရောင်းအားတွေအတွက် အဓိကကျ တယ်လို့ မှတ်ယူထားပါ။ ဒါကြောင့် အခု ပြဿနာတစ်ချို့ ပြေလည် သွားခဲ့ရင် ဂျော်ဂျီယာမှာရှိတဲ့ စက်ရုံအသစ်ကနေ တစ်နှစ်ကို ကားအစီးရေ ၄၀၀,၀၀၀ အထိကို ထုတ်ပေးနိုင်မှာ ဖြစ်လို့ တစ်ကမ္ဘာလုံးအတွက် ရောင်းအား အလုံအလောက် သတ်မှတ်ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority