Rivian ကတော့ သူတို့ရဲ့ R1T လျှပ်စစ်ကားဟာ ရေအနက် ၃ ပေ လောက် အထိကို မောင်းလို့ရတယ်လို့ ဆိုထားဖူးပါတယ်။ တကယ်လည်း ဒီပမာဏဟာ သာမန်အင်ဂျင်နဲ့ ကားတွေထက် သိသိသာသာ ပိုတာဖြစ်ပြီး လက်တွေ့မှာလည်း တစ်ချို့ပိုင်ရှင် တွေဆို တကယ်ကို အသုံးချ နိုင်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက လူမှုကွန်ရက်မှာ နာမည်ကျော်ခဲ့တဲ့ Video တစ်ခုမှာ ဆိုရင် Rivian R1T ကားက အမေရိကန်နိုင်ငံ Idaho ပြည်နယ်ရဲ့ Bear Lake ရေကန်ထဲ မောင်းပြီး လှေတစ်စင်းကို ရေချ ပေးလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နောက်ဆက်တွဲ အနေနဲ့ အဆိုပါ လှေကိုပဲ ရေထဲကနေ ပြန်ဆွဲတင် လိုက်တာကို‌ပါ R1T က လုပ်ပြလိုက်နိုင်ပြန်တဲ့ Video ကို မြင်လိုက်ရပြန်ပါတယ်။

ပိုင်ရှင်ကတော့ အစပိုင်း သူ့ရဲ့ လှေလေးကို ရေထဲချကတည်းက သာမန်အတိုင်း Marina တွေ မသုံးပဲ အချိန်ကြာကြာ စောင့်ရမှာ ဆိုးလို့ အခု R1T ကားနဲ့ပဲ တစ်ခါတည်း သုံးလိုက်တာပါ။ အဆိုပါ ရေကန်ကလည်း ရေထဲကို ပြေပြေလေးဆင်းသွားတဲ့ ပုံစံနဲ့ နာမည် ကြီးတာကြောင့် တစ်ခါတစ်လေကျရင် သေချာပြင်ဆင်ထားတဲ့ ကားတွေ (လယ်ထွန်စက်လိုကားမျိုး) တွေဆိုရင်တော့ အလွယ်တကူ ရေထဲဆင်းကာ လှေတွေဆွဲတာ မျိုးတွေကို လုပ်ပေးလို့ ရတာလည်းဖြစ်ပါတယ်။ အထူးသဖြင့် မုန်တိုင်းလိုမျိုး ရာသီဥတုဆိုးတဲ့ အခြေအနေမှာ အလွယ်တကူ လျှင်လျှင်မြန်မြန်ကယ်ဆယ်ပေးလို့ရတဲ့နေရာပါပဲ။ အခုလိုမျိုး ရေအနက် အနေအထားနဲ့ အခြား ဘာမှထွေထွေထူးထူး ပြင်ဆင်ထားတာမျိုးတွေမရှိတဲ့ R1T ကားမျိုးကတော့ ရေထဲဆင်းဖို့ အတွက် Suspension ပိုင်း အမြင့်ဆုံးထားထားတာဖြစ်ပြီး လှေကို ‌ထိုးတင်သွားလိုက်ရုံနဲ့တင် ကားကို မောင်းဆင်း သွား လိုက်တာပါပဲ။ တကယ်တော့ အခုလို ခက်ခက်ခဲခဲ လုပ်ရတာမျိုးတွေအဖို့ R1T တို့ ပထမဆုံး အကြိမ်တောင် မဟုတ်တော့ပါဘူး။ တကယ်လည်း အကြမ်းခံ ကောင်းမွန်နေတဲ့ ကားဖြစ်လို့ ပိုင်ရှင်ကလည်း ကား ကိုယုံကြည်ပြီး အခုလို စွမ်းဆောင်ပြခဲ့ပုံ ရပါတယ်။

Photo Credit: InsideEvs

ပိုင်ရှင် ဖြစ်သူကတော့ အခုကားကို အစပိုင်းတုန်းက လှေရေထဲချတဲ့ Video ကို တုံ့ပြန်ကြသူတွေရဲ့ ဆန္ဒအတိုင်း ပြန်ဆွဲတင်ပြခဲ့တာ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။ ဒါပေမယ့် လှေကိုရေထဲ ချတုန်းကထက် နည်းနည်းပိုပြီးခက်ခဲ သွားတာကတော့ ကားကရေထဲကို နောက်တွဲကြီးတပ်ပြီး ဘက်ပြန်ဆုတ်ကာ ဆင်းရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကားနောက်မှာ လှေကို ချိတ်ပြီးပြီ ဆိုတာနဲ့ ကုန်းပေါ်ကို လျှပ်စစ်မော်တာ ၄ လုံးရဲ့အလန်းစား Torque အားနဲ့ ရုန်းတက်သွားတာ ကတော့ တကယ်အံ့မခန်းပဲ ဖြစ်ပါတယ်။

Ref: InsideEvs