လျှပ်စစ် ကား ကုမ္ပဏီသစ် Rivian အတွက်ကတော့ လတ်တလောက ကံဆိုး မိုးမှောင်ကျနေချိန်ပဲလို့ ဆိုရမှာပါ။ အထူးသဖြင့် သူတို့ ကားသစ်တွေကို ဝယ်ယူထားသူတွေထံ အချိန် တော်တော်လေး နောက်ကျပြီးမှ ပို့ဆောင် ပေးနိုင်တာမျိုးတွေ ၊ ပို့ချိန် အတိအကျ မသိရတာ တွေကြောင့်ပါ ပိုဆိုးလို့နေပါတယ်။ အထူးသဖြင့် ထုတ်လုပ် ရေးပိုင်းမှာက အစ Rivian ရဲ့ စက်ရုံတွေ ဖြစ်ကြတဲ့ ဂျော်ဂီယာ ပြည်နယ်က စက်ရုံနဲ့ အီလီနွိုက်စ်က စက်ရုံတွေမှာပါ နှောင့်နှေး ကြန့်ကြာမှုတွေ ဆက်ဖြစ်နေခဲ့တာပါ။ Rivian R1T ကားကိုဆိုရင် အခု ၂၀၂၂ ထဲမှာ နဂိုထုတ်လုပ်ဖို့ ရည်မှန်းထားတာရဲ့ တစ်ဝက်ပဲ ထုတ်နိုင်တော့မယ်လို့ကို တရားဝင် ကြေညာထား ခဲ့ရပြီးပါပြီ။ အဆိုပါ ကိစ္စကတော့ CEO ဖြစ်သူ RJ Scaringe ရဲ့ ပြောစကားအရဆိုရင် Semiconductor Chip ပြား ပြတ်လပ်နေမှုကြောင့်သာ ဖြစ်တယ် လို့ သိထားရပြီး အပို ပစ္စည်း ထောက်ပံ့သူတွေ ကိုယ်တိုင်ကလည်း ဒီ‌အခြေအနေတွေထဲမှာ ထောက်ပံ့မှု ပြတ်တောက်လာတာတွေ နှေးကွေးလာတာတွေ ဖြစ်နေ တယ်လို့ ၎င်းက ဆိုထားပါတယ်။ အဆိုပါ ပြဿနာတွေရဲ့ အကျိုးဆက် ကတော့ ထုတ်လုပ်မှုတွေ နှေးကွေးပြတ်တောက်လာတဲ့အပြင် ကား ဝယ်ယူ ထားသူတွေကပါ လုံးဝ သည်းမခံနိုင်တော့တဲ့ နောက်ဆက်တွဲတွေကို ရင်ဆိုင်လာရတော့တာပဲဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကားသစ်တွေ ကြိုတင်မှာယူထား သူတွေထံကို ပို့ဆောင်ခဲ့တဲ့ Rivian ရဲ့ အီးမေလ်ထဲမှာ ဆိုရင် လတ်တလောမှာ ရသလောက် အနည်းငယ် ပဲ ထုတ်လုပ်နေရတာက Suppliers တွေနဲ့ ပိုအဆင်ပြေစေမယ့် နည်းလမ်းဖြစ်နေပြီး ဒီ အခြေအနေ အတိုင်း ဆက်ထိန်းထားနိုင်မှသာ အနာဂါတ်မှာ ပိုပြီး များများထုတ်နိုင်ဖို့ အတွက် ကုန်ကြမ်းထောက်ပံ့ သူတွေနဲ့ အဆင်ပြေနိုင်မှာ ဖြစ်တယ်ဆိုပြီး ရှင်းပြထားပါတယ်။ ဒါ့အပြင် Rivian ကတော့ ဝယ်ယူသူတွေ ထဲမှာမှ ကိုယ်ရွေးချယ် ထားတဲ့ အရောင်တွေနဲ့ မကိုက်ဖြစ်လာနိုင်တာမျိုးတွေ အတွက်လည်း ကြိုက်တဲ့ အရောင်တွေကို ပြန်ရွေးနိုင်တာမျိုးတွေ စီစဉ်ပေးသွားမယ်လို့ ဆိုထားပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Rivian တို့က တော့ ဒီနှစ်မှာ သူတို့ရဲ့ ကားအသစ်အစီးရေ ကို ၂၅,၀၀၀ လောက်အထိ ထုတ်ပေးနိုင်ဖို့တော့ စီစဉ်ထားပါတယ်။ အခုလိုမျိုး ကားသစ် ပို့ဆောင်ပေးနေမှု နှေးကွေးလာနေတာ‌က သိပ်ပြီး အကျယ်တဝင့် မရှိသေးတဲ့ သတင်းတစ်ပုဒ် ဖြစ်နေသေး ပေမယ့်လည်း ကုမ္ပဏီရဲ့ နောက် ဆက်တွဲ ပြဿနာကို နေရာတိုင်း မြင်နေရတာကတော့ ရှယ်ယာဈေး အကြောင်းပါပဲ။ ထုတ်ကုန် မူလတန်ဖိုး IPO ရှယ်ယာ ရာခိုင်နှုန်းဟာ ယခင်တုန်းက ဆိုရင် အသားတင်တန်ဖိုး $70 အထိ ရှိခဲ့ပေမယ့် အခု ဆိုရင်တော့ $ 25 ပဲ ရှိတော့ အထိ သိသိသာသာ ကျဆင်းလာခဲ့ပါပြီ။ ဒါတွေရဲ့ နောက်ဆက်တွဲအဖြစ် Ford အပါအဝင် အခြားသော ရှယ်ယာရှင်တွေ ကပါ တစ်ချို့ ရှယ်ယာတွေ ပြန်နှုတ်ယူတာတွေက အခြေအနေကို ပိုဆိုးရွား နေစေ ပါတော့တယ်။ ဒါတင်မကသေးပဲ Rivian ကားသစ်တွေ ရလာခဲ့ပြီ ဆိုရင်တောင်မှ မှာယူထားသူတွေထံကို ရောက်အောင် ပို့ပေးမယ့် ပို့ဆောင်ရေး စနစ်တွေရဖို့ အခက်အခဲ ဖြစ်နေပြန်တာက အဆိုးဆုံး အချက်ပါပဲ။ ဒါကြောင့် Customers တွေ နဲ့ ရှယ်ယာရှင်တွေရဲ့ ကျေနပ်မှု ၊ ယုံကြည်မှုတွေ မရတာကတော့ အခြေအနေ မကောင်းဘူးလို့ ယူဆရမှာပါ။

Photo Credit: CARBUZZ

ဒါပေမယ့် တစ်ဖက်မှာလည်း အခု Rivian ကားသစ် တွေရဲ့ တစ်ပတ်ရစ် ကားဈေးကွက် ကပါ ဝယ်လိုအား မြင့်တက် နေပြန်ပါတယ်။ Cars And Bids လို နေရာမျိုးမှာ R1T ကားတွေ တစ်ပတ်ရစ် ပြန်ဝယ်တာမျိုးက ပိုအရောင်းသွက်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် တော့ သတင်းကောင်းတွေရော သတင်းဆိုးတွေနဲ့ပါ Rivian တို့ ကတော့ နာမည်ကြီး လျှပ်စစ် Truck ကား ဖန်တီးသူ ဖြစ်လို့ နေတာပါပဲ။ ဒါပေမယ့် တစ်ဖက်မှာတော့ နာမည်ကျော် Ford F-150 Lightning လျှပ်စစ် Truck ကားသစ်ကလည်း စတင် ထွက်ရှိလာပြီ ဖြစ်တာ ကြောင့် Rivian အနေနဲ့ ဒီ အခြေအနေတွေကို အမြန် မကိုင်တွယ်နိုင်ရင် Ford တို့က သေချာပေါက် လက်ဦးနိုင် ပါတော့မယ်။ ဒါကြောင့် Ford တို့သာ F-150 Lightning ကားသစ်တွေကို စတင်ပို့ဆောင်ပေးပြီ ဆိုရင်တော့ လက်ရှိ Rivian R1T ဝယ်ထားပြီး စောင့်ဆိုင်း နေရသူ တွေ ပြောင်းပြီး မှာယူလာမလား ဆိုတာပါ စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com