Supercar တွေနဲ့ပတ်သက်လာရင်တော့ အသက် ၃၄ နှစ် အရွယ်သာ ရှိသေးတဲ့ Mate Rimac ကိုဇွဲကောင်း တာထက် ပိုပြီး အမြင်ကျယ်တဲ့ သူတစ်ဦးလို့ အသိအမှတ် ပြုကြရမှာပဲ ဖြစ်ပါတယ်။ Supercar တွေကို ယခင်က မြင်ခဲ့ကြတဲ့ အတွေးအခေါ်တွေ ကိုပါ ပြောင်းပေးနိုင်စွမ်း ရှိခဲ့တဲ့ Rimac အပေါ်မှာ အလားအလာ ရှိတယ်ဆိုတာ ကြိုသိခဲ့တာ ကတော့ နာမည်ကျော် Porsche တို့ပါပဲ။ ဒါကြောင့်လည်း အဆိုပါ ကုမ္ပဏီမှာ Porsche တို့ပါ ဝင်ရောက်ရင်းနှီးမြုပ်နှံ ခဲ့တာဖြစ်ပြီး Bugatti တို့နဲ့ ပူးပေါင်းကာ အနာဂါတ်အတွက် လျှပ်စစ် စွမ်းအင်သုံး Hypercar တွေကိုပါ ဖန်တီး‌ဖို့ ကြိုးစား နေကြပြီ ဖြစ်ပါတယ်။ အဆိုပါ ကားတွေအထိ မထွက် လာနိုင်သေးခင် စပ်ကြားထဲမှာတော့ Rimac တို့က မယုံနိုင်လောက်စရာ စွမ်းဆောင်ရည်တွေ ပါဝင်လာမယ့် လျှပ်စစ် Supercar တစ်စီး ဖြစ်တဲ့ Nevera ကို အရင်ဆုံး ချပြလာဖို့ ရှိနေပါတယ်။ ယခင်ကတည်းက အဆို ပါ ကားဟာ 1,914 hp အထိကို ရှိမယ်ဆိုတာ သိထားခဲ့ရပြီး လမ်းပေါ်မှာ တရားဝင် မောင်းခွင့်ရဖို့ အတွက် လည်း ခရိုအေးရှားမှာ ပထမဆုံး ခွင့်ပြုချက် ရထားခဲ့ ပြီးပါပြီ။ အခုဆိုရင် တော့ Mate Rimac ရဲ့ အဆိုအရ သီးသန့်အရေအတွက် ၁၅၀ သာထုတ်လုပ်မယ့် အဆိုပါ ကားတွေကို အခြားသောဈေးကွက်တွေ အထိလည်း မကြာခင်မှာ ပို့ဆောင်ပေးနိုင်တော့မယ် လို့သိရပါတယ်။

Photo Credit: CARBUZZ

ကုမ္ပဏီ တည်ထောင်သူ Rimac ရဲ့ ပြောကြားချက် အရတော့ အခုကားကို အမေရိက ကားဈေးကွက်ထဲက လိုချင်သူတွေ အဖို့လည်း သိပ်မစောင့်ရနိုင်ပဲ EPA နဲ့ CARB အဖွဲ့တွေ ထံက ခွင့်ပြုချက် တွေလည်း ရထား နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဥရောပနဲ့ အမေရိက ဈေးကွက်အတွက် တရားဝင် တင်ပို့နိုင်တဲ့ ကားကောင်းတစ်စီး ဖြစ်လာတော့မှာ ပါ။ အခု စာရွက်စာတမ်း မှတ်တမ်းတွေ အရတော့ Nevera ကားဟာ တစ်ခါ အားသွင်းထား ရင် ၂၈၇.၂၈ မိုင် အထိ မောင်းနိုင်တဲ့ Range ပမာဏကို ရထားပါတယ်။ WLTP Cycle အနေနဲ့ တိုင်းတာ မယ် ဆိုရင်တော့ ၃၄၂ မိုင် အထိကို ရှိ နိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်း အထိ အရှိန်တင်မယ် ဆိုရင်လည်း ၁.၈၅ စက္ကန့်ပဲ ကြာမြင့်မှာဖြစ်ကာ အမြင့်ဆုံး မြန်နှုန်းက အစ ၂၅၈ မိုင် အထိကို ရှိနေပါတယ်။ အခု ဆိုရင်တော့ Rimac က ဒုတိယ မြောက်ထုတ်လုပ်ခဲ့တဲ့ကားကို Zagreb ရဲ့ လမ်းမတွေထက် ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ သိရ ပြီး မှာယူထားတဲ့ Customer တွေအတွက်ရော ကုမ္ပဏီ အတွက်ပါ ကျေးဇူးတင် ဝမ်းမြောက်စရာ ဖြစ်လာခဲ့ ပါတယ်။

Photo Credit: CARBUZZ

ကား အစီးရေ ၁၅၀ ဆိုတာကတော့ လမ်းမတွေထက်မှာ ကြွားကြွားဝင့်ဝင့်နဲ့ သီးသန့်ဆန်ဆန် ချပြနိုင်ဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်လို့ နေပါပြီ။ ကားကို ထုတ်လုပ်စဉ် တုန်းကလည်း အရမ်းကို အေးခဲနေတဲ့ ရာသီ ဥတု အနေအထားတွေ ကလွဲလို့ အတော်ကို ပြင်းထန်တဲ့ ယာဉ်တိုက်မှု အခြေအနေတွေ အထိကို  စမ်းသပ် ထားခဲ့ တာလည်း ဖြစ်ပါတယ်။ အခု လို စမ်းသပ်ခဲ့ရာမှာလည်း အကြို ထုတ်လုပ်ခဲ့တဲ့ ကားသစ်ပေါင်း ၄၅ စီးထက် မနည်းကို ဖျက်ဆီးပစ်လိုက်တဲ့အထိ အကြမ်းပတမ်း စမ်းသပ်ထားတာကြောင့် အခု Supercar ရဲ့ လုံခြုံရေးအပေါ် ဘယ်လောက်အထိကို အလေးထား ပေးလဲ ဆိုတာပါ မြင်သာလာစေမိပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့မှာယူထားတဲ့ Rimac Nevera ကားသစ်တွေဟာ ပေးရတဲ့ တန်ကြေးနဲ့ ထိုက်တန်စေဖို့ ဘယ်လောက်အထိ ပြင်ဆင်ထားလဲ ဆိုတာ သိခဲ့ရပြန်ပါတယ်။ ဒီကား တွေမှာတော့ လှပဖို့နဲ့ အကြမ်းခံဖို့တင် အာရုံထားတာ မဟုတ်ပဲ ပိုကောင်းတဲ့ နောက်ဆုံးပေါ် နည်းပညာသစ် တွေကိုပါ ကားထဲမှာ ထည့်သွင်း ပေးထားလိုက်သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မဝေးတော့တဲ့ ကာလတစ်ခုမှာ ရလာနိုင်တဲ့ မောင်းသူနဲ့ စနစ်တွေ အတွက်ကိုလည်း အခု ကား မှာ OTA Update နဲ့ ရရှိ နိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် ဝယ်ချင်တဲ့ သူတွေအတွက် နောက်ထပ် ‌ဆွဲဆောင်မှု တစ်ရပ် ကတော့ အားသွင်းကွန်ရက်ပေါ်မူတည်ပြီး တစ်ခါ ၁၉ မိနစ် လောက် အားသွင်းထားရုံနဲ့တင် ဘက်ထရီ ပမာဏ ၈၀% အထိ ပြည့်အောင်သွင်း ပေးနိုင်တာပဲဖြစ်လို့ တကယ် စိတ်လှုပ်ရှားစရာ ကားကောင်းတစ်စီးဖြစ်တယ် ဆို တာတော့ သေချာနေတာပဲ ဖြစ်ပါတယ်။

Credit: https://carbuzz.com/news/official-the-rimac-nevera-is-ready-for-american-roads