ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက တစ်မိုင်ရဲ့ လေးပုံတစ်ပုံစာကို ၈.၅၈ စက္ကန့်တည်းနဲ့ မောင်းပြခဲ့တဲ့ Rimac Nevera လျှပ်စစ်ကားဟာ စွမ်းဆောင်ရည်ပိုင်းမှာတော့ အတော်အထင်ကြီး စောင့်ကြည့်ချင်စရာ ကောင်းခဲ့ပါတယ်။ အခု ဆိုရင်လည်း ဂျာမနီမှာ စမ်းသပ်ချက်အရ အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ၂၅၆ မိုင် အထိကို မောင်းနှင်နိုင်ခဲ့ပြီး ၂.၉ မိုင်ရှည်တဲ့ ခရီးကို အသွားအပြန်မောင်းကာ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို စံချိန်ရဖို့အတွက် ကားကို Top Speed Mode မှာ တင်မောင်းခဲ့ပြီး စမ်းသပ်ခဲ့တဲ့ ကားက တကယ်တော့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို တစ်နာရီ ၂၁၉ မိုင် အထိပဲ ကန့်သတ်ထားတာပါ။ ဒါပေမယ့် Rimac ရဲ့ အဆိုအရတော့ အခု ကားတွေထဲမှာ ကံကောင်းတဲ့ ပိုင်ရှင် ၁၅၀ ဝန်းကျင် လောက်ကတော့ သေချာပြင်ဆင်ထားတဲ့ Settings တွေနဲ့ ကန့်သတ်မှုမရှိတဲ့ အမြင့်ဆုံးသော မြန်နှုန်းတွေ အထိ မောင်းလို့ ရနိုင်မယ်လို့ သိရပါတယ်။

အခုလို စံချိန်တင်ခဲ့တဲ့ စမ်းသပ်မောင်းနှင်မှုမှာတော့ လမ်းပေါ်သွား တရားဝင် Cup 2 R တာယာတွေကို သုံးထားပြီး Michelin တာယာရဲ့ တာဝန်ရှိသူ တစ်ဦးကလည်း လမ်းကြောင်းမှာစောင့်ပြီး စစ်ဆေးခဲ့ပါသေး တယ်။ အခု လမ်းကြောင်းမှာ သာမန် အကွေ့ကနေ လမ်းဖြောင့်ပေါ် မတက်ခင်ကတည်းက အခုကားက တစ်နာရီ မိုင် ၁၅၅ အထိ ကို ရှိနေတာဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း လျှပ်စစ်မော်တာ ၄ လုံးနဲ့ 1,914 hp အထိ ရှိထားပါတယ်။ အခုကားရဲ့ စံချိန် မြန်နှုန်းတွေ ပိုပြီး တိကျစေဖို့အတွက်ကိုလည်း GPS စနစ် အခြေခံထားတဲ့ Racelogic V-Box စက်ကိုကား အတွင်း တပ်ဆင်ထားသေးတာပါ။ ဒါပေမယ့် လျှပ်စစ်သီးသန့် ကားတွေရဲ့ အမြင့်ဆုံး မြန်နှုန်းတွေဟာ သာမန် အင်ဂျင် ကားတွေရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ကတော့ အချိန်တစ်ခု လိုအပ်ဦးမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းက VW Group ရဲ့ Ehra-Lessien Testing Facility မှာ စမ်းသပ်ခဲ့ဖူးတဲ့ Bugatti Chiron Super Sport ကားဆိုရင် တစ်နာရီ ၃၀၄.၇၇ မိုင် ပမာဏနဲ့ အမြန်ဆုံးကားအဖြစ် ရှိဆဲပါပဲ။

Photo Credit: motor 1.com

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ လျှပ်စစ် ကားတွေထဲမှာတော့ အခု Rimac Nevera ထက် ပိုမြန်အောင် စံချိန်ရထားတာ မရှိ သေးပါဘူး။ အနီးစပ်ဆုံး စံချိန်တွေကို ကြည့်မယ်ဆိုရင်တောင်တစ်နာရီ မိုင် ၂၀၀ နှုန်း ကျော် အထိ ရထားတဲ့ Lotus Evijia ကား ၊ တစ်နာရီ ၂၁၇ မိုင် မောင်းတဲ့ Pininfarina Battista ကား နဲ့ ၁၉၄ မိုင်ရှိတဲ့ Nio EP9 ကားတို့ပဲ ရှိသေးကာ အဆိုပါ ကားတွေအဖို့လည်း အခုစံချိန်ကို ပြန်ချိုးနိုင်ဖို့ ရာ အလွန်အ လှမ်းဝေး နေပါသေးတယ်။ ဒါပေမယ့် ဒီထက် ပိုနီးစပ်တဲ့ ကားတစ်ချို့လည်း ရှိနေသေးပြီး ၂၀၁၇ ခုနှစ်တုန်းက ၂၃၅.၄၄ မိုင်အထိ ရခဲ့ဖူးတဲ့ Lucid Air နဲ့ ၂၄၉ မိုင် အထိ ရထားဖူးတယ် လို့ သိရတဲ့ Aspark Owl ကားတွေ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးမျိုး သော နှောင့်နှေးမှုတွေ ကနေ လာမယ့် ၂၀၂၃ မှာ ဈေးကွက် ဝင်လာတော့မယ့် Tesla Roadster ဒုတိယ မြောက်မျိုးဆက် ကားကလည်း စောင့်ကြည့် ရဖို့ ရှိပါသေးတယ်။ အဆိုပါ ကားအမျိုးအစားကို လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက စတင် မြင်ခဲ့ရတာ ဖြစ်ပြီး အဆိုပါ အချိန်ကတည်းက တစ်နာရီကို ၂၅၀ မိုင်အထိ မောင်းပြနိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် Tesla အပါအဝင် နောက်ထွက်လာ ဦးမယ့် ကားတွေထဲ ဘယ်လျှပ်စစ်ကားက အခုစံချိန်ကို ချိုးနိုင်မလဲ စောင့်ကြည့်ရင်း လတ်တလော မှာတော့ Nevera ကားက အမြန်ဆုံးပဲလို့ မှတ်ယူထားရတော့မှာပါ။

Ref: motor 1.com