ဂျာမနီ နိုင်ငံ ၊ ဟန်နိုဗာမှာ ကျင်းပနေတဲ့ IAA Transportation Motorshow ပွဲကြီးထဲမှာတော့ Renault Trafic Van E-Tech ဆိုတဲ့ လျှပ်စစ်ကားသစ်တစ်စီး ပွဲထွက်လာပါတယ်။ Brand ရဲ့ နောက်ဆုံးပေါ် လုပ်ငန်း သုံး SUV တစ်စီးဖြစ်ပြီး Lineup တွေထဲ လျှပ်စစ်ကား Kangoo ရဲ့ အထက်မှာ ရပ်တည်လာမယ့်ကားလည်း ဖြစ်ပါတယ်။ အဆိုပါ ကားသစ်မှာတော့ လျှပ်စစ် မော်တာနဲ့ 121 hp အထိ စွမ်းဆောင်နိုင်မှာဖြစ်ပြီး 52 kWh Battery ကြောင့်လည်း တစ်ခါအားသွင်းထားရင် ၁၄၉ မိုင်အထိ မောင်းနှင်နိုင်ဦးမှာပါ။ အားသွင်းတဲ့ အပိုင်းမှာတော့ 7.0 kW AC Charging စနစ်ရမှာ ဖြစ်ပြီး အများပြည်သူ အားသွင်းတဲ့ နေရာတွေမှာ ဆိုရင် တော့ 22 kW AC Charging စနစ်နဲ့ နောက်ထပ် 50 kW DC Fast Charger ရှိရင်လည်း ကားအတွက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ Van ကားသစ်ကတော့ ၂,၄၃၀ ပေါင် လောက်အထိကို တင်ဆောင်နိုင်ပြီး ကား‌ကနေ အများဆုံး ဆွဲနိုင်မယ့် အလေးချိန်ကတော့ ၁,၆၅၃ ပေါင်အထိ ရှိနေမှာပါ။ ထူးခြားတာကတော့ ကားအတွက် ကိုယ်ထည် ကို ပုံပြောင်းသုံးနိုင်တာပါပဲ။ ကားရဲ့ အရှည်က ၁၆.၆၇ ပေ ရှိမှာဖြစ်ပြီး ၁၇.၉၈ ပေ အရှည်ရှိတဲ့ကားကိုလည်း ရွေးချယ် နိုင်ပါသေးတယ်။ ဝယ်တဲ့သူတွေအဖို့ကတော့ ၆.၄၅ ပေ ဒါမှမဟုတ် ၈.၂၀ ပေ အမြင့်တွေကို လည်း စိတ်ကြိုက် ‌ရွေးချယ် ဝယ်နိုင်ဦးမှာပါ။ အဆိုပါ ကား အချိုးအစားတွေ အပေါ် မူတည်ပြီး ၂၀၅ ကုဗ ပေ ဒါမှမဟုတ် ၃၁၄ ကုဗပေ ပမာဏ ပစ္စည်း ထည့်စရာနေရာကို ရနိုင်မှာပဲ ဖြစ်ပါတယ်။ ကားရဲ့အတွင်းခန်း Cabin ကြမ်းမှာ ဆိုရင်လည်း အမျိုးမျိုးသော ကားတစ်စီး အဖြစ် သုံးနိုင်အောင်လို့ ပုံပြောင်းနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ အဆိုပါ ကားကို ဥရောပ ဈေးကွက်ထဲ ဘယ်အချိန် စတင်ရောင်းချမယ် ဆိုတာ တော့ Renault တို့ မပြောထားသေးပဲ ကားရဲ့ ဈေးနှုန်းကိုလည်း မသိ ရသေးပါဘူး။

Photo Credit: motor 1.com

မနှစ်တုန်းကတော့ အဆိုပါ ကားရဲ့ ပုံကြမ်းအစကို အခြေခံထားတဲ့ Hippie Caviar Hotel RV Concept တစ်စီးကို ချပြ ခဲ့ဖူးပါသေးတယ်။ အဆိုပါ Concept ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး တစ်ချက်ကတော့ အနောက်ဘက် တံခါးကနေ အပြင်ဘက်ကို မျှော်ကြည့်လို့ရမယ့် ရှုခင်းကြည့်မြင်ကွင်းနဲ့ အိပ်ယာပုံစံ ပါဝင်တာပါပဲ။ဒါ့အပြင် အနောက်ဘက် Backrest တွေနဲ့ အပေါ်ဘက် အမိုးပေါ်မှာလည်း နေစရာ ပါပါသေးတယ်။ အခုနှစ်မှာ ဆိုရင်လည်း ပိုသေးတဲ့ Hippie Caviar Motel Concept ကိုပါ ချပြခဲ့သေးပြီး အဆိုပါကားကိုတော့ Electric Kangoo ကားပေါ်မှာ အခြေခံ ဖန်တီးထား ပါတယ်။ အဆိုပါ ကားလေးမှာ ဆိုရင်လည်း ခေါက်ကုတင်၊ Panoramic အမိုး နဲ့ Ski Rack တွေကအစ ပါဝင်လာ သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ ကြမ်းခင်းတွေကိုလည်း ပြန်လည် အသုံးပြုထားတဲ့ တာယာတွေနဲ့ Cork တွေ ကို ထည့်သွင်းဖန်တီး ပေး ထားတာ ဖြစ်ပါတယ်။

Ref: motor 1.com