မနှစ်က အစောပိုင်း လောက်မှာတော့ Renault ကုမ္ပဏီကနေ ကားတွေမျှဝေကာ ငှားယူသုံးစွဲပေးနိုင်မယ့် Mobilize ဆိုတဲ့ လုပ်ငန်းခွဲတစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါလုပ်ငန်းရဲ့ သဘောကတော့ ကားတွေ ကို ဝယ်လို့ရမှာ မဟုတ်ပဲ လပေးစနစ်ပုံစံမျိုးနဲ့သာ ငှားသုံးတာမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဆိုပါလုပ်ငန်းရဲ့ ကားတွေက လျှပ်စစ်ကားတွေချည်း ဖြစ်ပါတယ်။ မနှစ်ကပြသခဲ့တဲ့ ကုမ္ပဏီရဲ့ Limo Sedan ကားနောက်ကနေ လိုက်မယ့် ထူးထူးခြားခြား လျှပ်စစ်ကားလေးတွေကိုတော့ အခု 2022 Paris Motor Show ပွဲကြီးမှာ Mobilize တို့ စတင် ချပြလာခဲ့ပါပြီ။ ချပြလိုက်တဲ့ ကားက‌တော့ ဆန်းဆန်းပြားပြားနဲ့ ၅၄ လက်မပဲရှည်တဲ့ ကားလေးဖြစ်ပြီး တစ်ယောက် စီးနဲ့ ၃ ဘီး ကားလေးပါပဲ။ အရှေ့မှာနှစ်ဘီး ၊ အနောက်မှာ တစ်ဘီးပုံစံနဲ့ ဖန်တီးထားတဲ့ အဆိုပါ ကားကိုမောင်းချင်တယ် ဆိုရင်တော့ လိုင်စင်တောင်မလိုပဲ Joystick လေး ထိန်းတတ်ရုံနဲ့ အဆင်ပြေပါတယ်။ အမြင့် ဆုံး မိုင်နှုန်းကလည်း တစ်နာရီကိုမှ ၁၆ မိုင် အထိပဲ ရနိုင်တာကြောင့် ခါးပတ်ပတ်စရာတောင် မလိုတဲ့ ယာဉ်သေး အမျိုးအစားလေးပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခုကားလေးက အတော်လေးကို အချိုးကျတဲ့ ကိုယ်ထည် အချိုးအစားလေးရှိပြီး Airbag လည်း ထည့်ပေးထားကာ ခြေထောက်ကနေ အရေးပေါ် ရပ်တန့်နိုင်မယ့် ကိရိယာလည်း ပါဝင်ပါသေးတယ်။ အဆိုပါ ဘရိတ် လို အရာကို နင်းလိုက်တာနဲ့ အရေးပေါ် အခြေအနေမှာ ယာဉ်ကရပ်သွားမှာဖြစ်သလို ထိုင်ခုံကို အရှေ့ဘက်တိုး ၊ အနောက်ဘက် လှန်တာမျိုးလည်းလုပ်နိုင်ပြီး အနောက်မှာလည်း ပစ္စည်းလေး တစ်နိုင် စာ တင်လို့ရပါသေးတယ်။ အတွင်းခန်းပိုင်းကလည်း လျှော်ပြီးဆေးကြောလို့ ရသေးတာကြောင့် လွယ်လွယ်ကူကူပါပဲ။

Photo Credit: motor 1.com

ကားလေး ထဲကိုတော့ မောင်းမယ့်သူက ဘယ်ဘက်ကပဲ အမြဲဝင်လို့ရမှာဖြစ်ပြီး အကျယ်ကလည်း ၃၅ လက်မနဲ့ အမြင့်ကလည်း ၆၉ လက်မလောက်သာ ရှိတာကြောင့် မြို့တွင်းနေရာကြပ်ကြပ်တွေ အတွက်တော့ တော်တော် လေး ကို အဆင်ပြေစေမှာပါ။ သာမန်ကားတစ်စီးစာရဲ့ ကားပါကင်နေရာမှာဆိုရင် အခုကားလေး ၆ စီးစာ ထိုးလို့ ရတဲ့အထိ အဆင်ပြေတာဖြစ်ပြီး ဘက်ထရီအားသွင်းရင်လည်း သာမန်ကြိုးနဲ့ ဒါမှမဟုတ် ကြိုးမဲ့နဲ့ပါ ရနိုင်ပါသေးတယ်။ ဒါ့အပြင် ဘက်ထရီကိုလည်း ဖြုတ်တပ်လဲလို့ ရသေးတာကြောင့် အချိန်မရွေး အဆင်ပြေပါတယ်။ Mobilize အနေနဲ့ကတော့ Solo လို့ အမည်ပေးထားတဲ့ အဆိုပါ ကားသေးလေးတွေ ကို ပြန်လည် အသုံးပြုလို့ရတဲ့ စွန့်ပစ် ပစ္စည်း ၅၀% လောက်နဲ့ ဖန်တီးထားတာဖြစ်ပြီး ယာဉ်ရဲ့ ၉၅% လောက်ကိုလည်း ပျက်စီးသွားရင်တောင် အကျိုးရှိရှိ ပြန်သုံးနိုင်အောင် စီစဉ်ထုတ်လုပ်ပေးထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com