Hypercar လောကထဲမှာတော့ ပြိုင်ဖက်တစ်ယောက် ထပ်တိုးလာခဲ့ပြီး Red Bull Advanced Technologies လို့ အမည်ရတဲ့ ကုမ္ပဏီသစ်ပဲ ဖြစ်ပါတယ်။ အဆိုပါ နာမည်ကိုတော့ အတော်လေး စိမ်းနေ ကြဦးမှာ ဖြစ်ပေမယ့် တကယ် တမ်းကတော့ Red Bull Racing Group ကလာတဲ့ ကုမ္ပဏီဖြစ်ကာ အခု Hypercar လောကထဲမှာတော့ RB 17 ကားသစ်နဲ့ အတူ Aston Martin Valkyrie နဲ့ Mercedes-AMG One ကားတွေကို အဓိက ယှဉ်ပြိုင်ဖို့ ပစ်မှတ်ထား နေပါတယ်။ လျှပ်စစ်စွမ်းအင်ပါ ပေါင်းစပ်ထားမယ့် အဆိုပါ ဟိုက်ပါကားသစ်ကိုတော့ F 1 ကား ဒီဇိုင်နာဖြစ်သူ Adrian Newey ဆိုသူက ဖန်တီးပေးထားမှာပါ။ လက်ရှိမှာတော့ ကားရဲ့ ဒီဇိုင်းပိုင်းကိုပဲ သိထားရသေးတယ် ‌ဆိုပေမယ့် ကုမ္ပဏီ ဘက်ကတော့ အရေးကြီး တဲ့ အချက်အလက် တစ်ချို့ကိုပါ မျှဝေပေးလာခဲ့ပါပြီ။ အဆိုပါ RB 17 ကားသစ်မှာတော့ Twin-Turbo V 8 Engine ကိုမှ Hybrid နဲ့ ရောစပ်ထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည်ကတော့ 1,100 hp ကျော်လောက် အထိ ရှိမယ်လို့ သိရပါတယ်။ ကားရဲ့ အဓိကကိုယ်ထည် Platform အပိုင်းကိုတော့ Carbon ကိုမှ ကိုယ်ထည်ကို ပတ်ထားတဲ့ နည်းပညာမြင့် Ground Effect Package ဆိုတာလည်း ပါဝင်မှာပဲ ဖြစ်ပါတယ်။

အစီအစဉ် အရတော့ အဆိုပါ ကားကို လာမယ့် ၂၀၂၅ ခုနှစ်က နေစပြီး တစ်နှစ်ကို ကားအစီးရေ ၁၅ စီး စီ ထုတ်လုပ် သွားဖို့ ဖြစ်ပါတယ်။ ‌ဈေးနှုန်းပိုင်းတွေ အရကတော့ အနီးစပ်ဆုံးအရ ဆိုရင်ပဲ အခွန်အခတွေ မပါ သေးခင် ဒေါ်လာ ၆.၁၃ သန်းလောက် အထိ ကျသင့်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက တော့ အခု မြင်ထားရတဲ့ ကားဟာ လမ်းမတွေ ထက်မှာ တရားဝင် မောင်းနှင်လာနိုင် ဖို့တော့ မဖြစ်လာနိုင် သေးပါဘူး။ တစ်ဖက်မှာလည်း အခု ကားကို လမ်းမပေါ်သွား သာမန်ကားကောင်း တစ်စီး အနေနဲ့ အသွင် ပြောင်းလို့ရအောင် ကုမ္ပဏီဘက်က စီစဉ်နေပါတယ်။ တကယ်သာ အခု ကားထွက်လာခဲ့ပြီ ဆိုရင်တော့ ကုမ္ပဏီ ရဲ့ ၂၀၂၀ ပြိုင်ပွဲ ရာသီကတည်းက သုံးလာခဲ့တဲ့ RB 16 အပြီး ကြားလွတ်နေတဲ့ ကားမော်ဒယ်ကို မြင်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၂၁ မှာတုန်းကတော့ RB 16 B ဆိုတဲ့ ကားနဲ့ ယှဉ်ပြိုင် ခဲ့ပြီး အခု ၂၀၂၂ ရာသီ အရောက်မှာတော့ RB 18 ဆိုတဲ့ ကားနဲ့ ပြိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒီဇိုင်နာ Adrian Newey ကတော့ အခု RB 17 ကားသစ်ကို ၂၀၂၀ နှစ်ကုန်ပိုင်း လောက်ကတည်းက စတင် ပြင်ဆင် နေခဲ့တာဖြစ်ပြီး အလေးချိန်ကတော့ ယာဉ်မောင်းမပါပဲနဲ့ ဆိုရင် ၁,၉၈၄ ပေါင်ပဲ ရှိမယ်လို့ သိရပါ တယ်။ အဆိုပါ ကား ကတော့ ပြိုင်ဘက် Valkyrie ထက် အနည်းငယ် ပိုကြီးလာနိုင်ပြီး Wheelbase လည်း ပိုရှည်ကာ တာယာတွေ ကလည်း ပိုပြီး ကြီးပါသေးတယ်။ အဆိုပါ လျှပ်စစ်စွမ်းအင် ပေါင်းထားတဲ့ Hybrid Hypercar သစ်မှာတော့ အမိုးပိတ် ပုံစံနဲ့ပဲလား ၊ ဒါမှမဟုတ် Flexible ဖြစ်တဲ့ Side Skirts တွေ ပါလာ မလား စတာတွေကို စောင့်ကြည့် ရဦးမှာဖြစ်သလို Active Suspension စနစ် ပါမပါ ဆိုတာလည်း စိတ်ဝင် စားစရာ ကောင်းပါတယ်။ ပုံမှန်အားဖြင့်ကတော့ F 1 ကားပြိုင်ပွဲ လမ်းကြောင်း အတော်များများမှာ Turbo ပိုသုံးလို့ ကောင်းမယ့် Energy Recovery System တွေပါဝင် ထားပြီးသား ပါပဲ။ အခု သီးသန့် Hypercar ကားသစ် ၅၀ ကို ဝယ်ယူမယ့် သူတွေအဖို့တော့ ကားသစ်တွေ ထုတ်လုပ်စဉ် လေ့လာ နိုင်မှာဖြစ်ကာ Simulator အနေနဲ့လည်း စမ်းသပ်နိုင်ဦးမှာပါ။ ဒါ့အပြင် အဆိုပါ RB 17 ဝယ်မယ့်သူတွေကိုတော့ ပြေးလမ်း ပေါ် မောင်းပုံမောင်းနည်း ထရိန်နင်တွေကိုလည်း ပေးသွားနိုင် ဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com