စုပေါင်း ကားကုမ္ပဏီတစ်ခုဖြစ်လာတဲ့ Stellantis ကတော့ RAM 1500 Electric Pickup ကားကို အင်္ဂါနေ့ တုန်းပဲ အနည်းအကျဉ်းမျှ ချပြလာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့အနာဂါတ် လျှပ်စစ်ကားအစီအစဉ်တွေ ကို ဆယ်စုနှစ် တစ်ခုစာလောက် အထိ ရည်မှန်းချပြသွား ခဲ့ပါတယ်။ အခု မြင်ရတဲ့ပုံလေးက အနည်းငယ်မျှ လေးပဲ ဖြစ်တယ် ဆိုပေမယ့် အခု လက်ရှိ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ သာမန် Internal Combustion Engine သုံး RAM 1500 ကားထက်တော့ ပိုပြီး ခေတ်ဆန်ဆန် လှပတဲ့ ကားတစ်စီးဆိုတာ သေချာပေါက် မြင်တွေ့လိုက်ရမှာပါ။ ဒီလိုအခြေအနေကတော့ ပုံမှန်အားဖြင့် Electric Silverado တုန်းက ၂၀၂၃ အတွက် စီစဉ်ခဲ့တဲ့ ပြောင်းလဲ ထုတ်လုပ်ခဲ့ပုံနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Electric 1500 ကားကိုတော့ လာမယ့်၂၀၂၄ မှာ စတင်ချပြ လာဖို့ ရှိနေပြီး STLA Frame ပေါ်မှာ တည်ဆောက် ဖန်တီး ထားမှာပါ။ အဆိုပါ Platform ကတော့ Stellantis ရဲ့ အနာဂါတ် လျှပ်စစ်ကားတွေ အတွက် စီစဉ်နေတဲ့ Platform ၄ မျိုးထဲက တစ်မျိုး ဖြစ်ပါတယ်။ အဆိုပါ Platform ကို အသုံးပြုပြီး Body-On-Frame ကားတွေဖြစ်ကြတဲ့ Pickup Truck တွေ ၊ SUV အကြီးစားတွေနဲ့ စီးပွားရေးသုံး Van ကားတွေ ကို ဖန်တီးနိုင်တာ ဖြစ်ပြီး Range အနေနဲ့ ကတော့ မိုင် ၅၀၀ လောက်အထိ ရှိလာနိုင်တာ ဖြစ်ပါတယ်။ ကုမ္ပဏီ ရဲ့ အနာဂါတ် လျှပ်စစ် အစီအစဉ်တွေ အကြောင်း ပြောကြား ရာမှာတော့ Range အသစ်တွေထဲ RAM 1500 Electric က ထိပ်ဆုံး ဖြစ်လာလိမ့်မယ်လို့ Stellantis ရဲ့ CEO ဖြစ်သူ Carlos Tavares က ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကားရဲ့ ကုန်တင်နိုင်စွမ်းနဲ့ ကုန်စည်တွေကို ဆွဲမောင်းနိုင်စွမ်းက အတော်လေး မြင့်မား လာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အခုကားသစ်ရဲ့ အခြေအနေကတော့ လက်ရှိမှာ နာမည်ရနေ တဲ့ လျှပ်စစ် ကုန်တင်ကားတွေဖြစ်တဲ့ Rivian R1T နဲ့ Ford F-150 Lightning ကားတွေအတွက် ကတော့ သတိပြုစရာ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း RAM ကတော့ အခု ကားကို လက်တွေ့ ထုတ်လုပ်ဖို့ရာ အချိန်ယူရဦးမှာပါ။

                                                              Photo Credit: MotorAuthority

တိုးတက်မှု ပိုင်းတွေကို ကြည့်မယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းကပဲ RAM က သူတို့ရဲ့ လျှပ်စစ် ကား RAM 1500 အတွက် ပုံစံတွေကို ဝိုင်းဝန်းအကြံပြု နိုင်စေဖို့ အတွက် အစီအစဉ် တစ်ခု လုပ်ပေးထား ခဲ့ပါတယ်။ အဆိုပါ အစီ အစဉ်ကတော့ RAM Revolution ဆိုတဲ့ Website တစ်ခု ဖန်တီးပေးခဲ့တာ ဖြစ်ပြီး RAM ရဲ့ အမာခံ ပရိသတ်တွေ အဖို့ သူတို့ လိုချင်တဲ့ ကားရဲ့ပုံစံကို ကိုယ်တိုင် အကြံပေးလို့ ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း တကယ်တမ်း RAM တို့ ကားသစ် ထုတ်လုပ်တဲ့ အခါမှာ အဆိုပါ ဒီဇိုင်း အကြံပြုချက်တွေကို Concept တွေကနေတစ်ဆင့် ထည့်သုံးလာနိုင်မှာ ဖြစ်တာကြောင့် ၂၀၂၄ မထုတ်လုပ်ခင် အထိမှာ ကားသစ် ရဲ့ ခန့်မှန်းပုံရိပ်တွေကို ဆက်တိုက်မြင်တွေ့လာရနိုင် ပါတယ်။ Stellantis ကတော့ အခုအချိန်အထိ အတည် ပြုထားချက်အရ လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကားအနည်းဆုံး ၇၅ မျိုးလောက်အထိ ထုတ်လုပ်နိုင် ဖို့ရှိနေခဲ့ပြီ ဖြစ်ပြီး အမေရိကမှာတင် အမျိုးအစားပေါင်း ၂၅ မျိုးလောက် ရှိလာနိုင်ပါတယ်။ လာမယ့် ၂၀၂၃ နှစ်လယ်ပိုင်း လောက်မှာတော့ Jeep ရဲ့ လျှပ်စစ် ကားသစ်တစ်စီး မြင်လာရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority