Ram ကတော့ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ် Pickup Truck ကားကို ချပြလာခဲ့ပြီဖြစ်ပြီး အပြင်ပိုင်း ပုံစံတွေကို ကြည့်ရတာနဲ့တင် လုံးဝကို အသွင်သစ် အမြင်သစ် ဖြစ်လာတာ တွေ့ရမှာပါ။ လက်ရှိမှာ ဈေးနှုန်း အတိအကျ မသတ်မှတ် ထားသေးပေမယ့်လည်း တကယ်လို့ Ram 1500 REV ကားသစ်ကို ဝယ်ယူချင်တဲ့ သူတွေအဖို့ ပြန်အမ်းပေးနိုင်မယ့် ဒေါ်လာ ၁၀၀ ကို စရံ သဘောမျိုးထားပြီး စတင် မှာယူနိုင်ပြီလို့ သိရပါတယ်။ ၂၀၂၄ မှာ စတင် ထုတ်လုပ် ‌လာတော့မယ့် အဆိုပါ ကားသစ်ရဲ့ ဒီဇိုင်းကတော့ လက်ရှိ ဂတ်စ်ကား မျိုးဆက်ကို အဆင့်မြှင့်တင်ထားတဲ့ Version ပုံစံ ဖြစ်ပြီး ယခင် CES ပွဲကြီးမှာ ပြခဲ့ဖူးတဲ့ Ram 1500 Revolution Concept ကားလို မျိုးကြီး တိတိကျကျ တော့ မဟုတ်လာသေးတာ ဖြစ်ပါတယ်။

 

Photo Credit: MotorAuthority


ဒါပေမယ့် Concept မှာ ပါဝင်ခဲ့တဲ့ အရှေ့ဘက်က LED Daytime Running Lights တွေကို ထည့်ပေးထားပြီး Grille နဲ့ အင်ဂျင် စက်ဖုံး အထိ ပတ်ပေးထားတဲ့ ဒီဇိုင်း အထားအသိုကို သေချာသုံးပေးလာ ပါတယ်။ ကားရဲ့ အနောက်ဘက် Taillight တွေ ကလည်း Tailgate အထိ ပေါင်းထားသလို ဒီဇိုင်းဖြစ်ပြီး Concept ထဲက အတိုင်းပါပဲ။ ဘီး အရွယ်အစား တွေကတော့ Concept ထဲက အတိုင်း ၂၄ လက်မ အရွယ် အကြီးကြီး မဟုတ်ပေမယ့် ဒီဇိုင်းကိုတော့ ဆင်တူအတိုင်းပဲ ဖြစ်အောင် စီစဉ်ပေးထား ပါသေးတယ်။ Ram ဆိုတဲ့ စာသားလေးတွေကို‌လည်း ကားရဲ့ ဘေးဘက်မှာ သေချာ ထင်ထင်ရှားရှား မြင်ရနိုင်ပြီး အားသွင်းပေါက်ကိုတော့ ယာဉ်မောင်း ဘေးဘက် Fender မှာ တပ်ဆင် ပေးထားပါတယ်။ ကားရဲ့တံခါး တွေ ၊ အမိုး ၊ အရှေ့ဘက် Fenders တွေ နဲ့ အနောက်ဘက် Bed Side တွေ အကုန်လုံးကတော့ လက်ရှိ မျိုးဆက်အတိုင်းပဲ သုံးပေးထား ပါတယ်။ Concept က အတိုင်း မပါလာတော့တာကတော့ Coach Door တံခါး ဒီဇိုင်းတွေ ဖြစ်ပြီး အနောက်ဘက် C-Pillar Sails တွေ ၊ Midgate နဲ့ သာမန် ထက်ရှည်တဲ့ Cabin အပိုင်း တွေကိုလည်း အခုကားမှာ မမြင်လာရတော့တာ ဖြစ်ပါတယ်။

 

Photo Credit: MotorAuthority

အခုကား အတွက် ကြော်ငြာထားတဲ့ ပုံရိပ်တွေကနေ အတွင်းခန်းကို မြင်ရသလောက်ကတော့ အခု လက်ရှိ ဂတ်စ် Version ကားနဲ့ တော်တော် ဆင်တူနေဆဲ ဖြစ်ပါတယ်။ ဒေါင်လိုက် တပ်ဆင်‌ထားတဲ့ ခပ်ကြီးကြီး Touchscreen ကြီးကလည်း Dashboard မှာ သိသိသာသာ နေရာယူထားတာ ဖြစ်ပြီး ခလုတ်တွေ ၊ ဘုတွေနဲ့ အခြားသော ခရီးသည် ဘက်က Touchscreen Display တို့ ကလည်း Jeep Grand Wagoneer နဲ့ Grand Cherokee တို့ တုန်းကနဲ့ အတူတူ ပါပဲ။ ကားရဲ့ ဂီယာ ပုံစံကလည်း လှည့်ပြီး ရွေးချယ်ရတဲ့ Rotary Design အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ သေချာတာ ကတော့ အမြင်သစ် အသွင်သစ်ဆိုတဲ့ အပြင်ပိုင်း ပြောင်းလာပြီး လက်ရှိ ကားပုံစံနဲ့ခပ်ဆင်ဆင် တစ်ချို့နေရာမှာ ရှိနေဆဲပေမယ့် တကယ့်ကား တည်ဆောက်မှု အခြေခံအပိုင်းတွေကတော့ လုံးဝကိုအသစ် ဖြစ်လာပါတယ်။ အထူးသဖြင့် အခု Ram 1500 REV ကားသစ်ကို SLTA Frame Chassis အသစ် ပေါ်မှာ အခြေခံ ဖန်တီးထားတာဖြစ်ပြီး Stellantis ကုမ္ပဏီ ကြီးရဲ့ လာမယ့် အနာဂတ် ကားတွေအတွက် Modular EV Chassis ဒီဇိုင်း သစ် ၄ ခုထဲက တစ်ခုပဲ ဖြစ်ပါတယ်။ RAM ရဲ့ CEO ဖြစ်သူ Mike Koval Jr. ကတော့ အခုလို Pickup Truck လျှပ်စစ်ကားကို ရွေးချယ်ချင်မယ့် သူတွေအဖို့ တစ်ခါ အားသွင်းထားရင် မိုင် ၃၀၀ ကနေ ၄၀၀ လောက် အထိတော့ လိုချင်ကြမှာ ဖြစ်တယ်လို့ ခန့်မှန်းထား ပြီး အခု SLTA Frame အသစ်ကလည်း မိုင် ၅၀၀ လောက် အထိ မောင်းနိုင်ဖို့အတွက် စွမ်းဆောင် ပေးနိုင် ဖို့ ရှိနေပါတယ်။ သေချာတာ တစ်ခုကတော့ အခု Ram လျှပ်စစ်ကားသစ်ကြီးက Pickup လျှပ်စစ်ကား ဈေးကွက်ထဲ မှာ စွမ်းဆောင်ရည်ပိုင်း ၊ ခံနိုင်ဝန်အားနဲ့ အားသွင်းချိန်စတဲ့ အပိုင်းတွေမှာကိုပဲ ပြိုင်ဘက်ကောင်းတစ်ရပ် အဖြစ် ရပ်တည်လာမှာ သေချာနေပြီ ဖြစ်ပါတယ်။

Ref: MotorAuthority