တရုတ်ကားဈေးကွက်အတွက် Qoros 6 ဆိုတဲ့ လှပတဲ့ Sedan ကားသစ်လေး ထွက်ရှိလာတော့မှာ ဖြစ်ပြီး 6 ဆိုတဲ့ စကားလုံးက Qoros Brand အနေနဲ့ အခက်အခဲတွေကြားက ပြန်လည်ရုန်းထွက်လာနိုင်တဲ့ အဓိပ္ပါယ် ကို ဖော်ဆောင်ထားတာပါ။ Qoros Brand ကို ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Chery နဲ့ Israel Corporation တို့ ပူးပေါင်းဖန်တီးခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ရောင်းအားတွေဆက် တိုက်ကျဆင်းလာပြီး ပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲ ခဲ့ရတာဖြစ်ပါတယ်။ အခုတော့ Qoros Brand ရဲ့ အကြီးမားဆုံး ရှယ်ယာ ပိုင်ရှင်က Baoneng Group ဖြစ်လာကာ တရုတ်နိုင်ငံပြင်ပမှာ တော့ DS9 Sedan ကို ထုတ်လုပ်သူအဖြစ် လူသိများတာပါ။ Qoros 6 ကားသစ်ကိုတော့ အခုတစ်ပတ် အစောပိုင်းတုန်းက Baoneng Group ရဲ့ Media Event တစ်ခုမှာ ပြသခဲ့တာဖြစ်ပြီး Brand အသစ်တစ်ခုနဲ့ နောက်ထပ် ကားတစ်သစ် တစ်စီးကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

Photo Credit: carnewschina

Brand အသစ်ကတော့ Bao လို့ အမည်ပေးထားပြီး ကားကတော့ Code Name GX16 နဲ့ Bao GX5 လို့ ခေါ်တွင်ထားပါတယ်။ Bao GX5 ကတော့ လျှပ်စစ်သီးသန့် Crossover ကားဖြစ်ပြီး Range အနေနဲ့ ၇၀၀ ကီလိုမီတာကျော်အထိ စွမ်းဆောင်နိုင်မှာပါ။ ဒါကြောင့် အခုဆိုရင် Baoneng Group မှာ Qoros နဲ့ Bao ဆိုတဲ့ Brands နှစ်ခု ရှိလာခဲ့ပါပြီ။ Qoros 6 အကြောင်းကို ဆက်ပြောရမယ်ဆိုရင်တော့ Petrol နဲ့ EV ဆိုပြီး အမျိုးအစား ၂ မျိုးရှိကာ Petrol Version မှာတော့ 1.5 Liter Turbo အင်ဂျင်ကို တပ်ဆင်ထားပြီး 177 hp နဲ့ 260 Nm Torque အထိ စွမ်းဆောင်နိုင်မှာဖြစ်ပြီး 6-Speed DCT နဲ့ တွဲဖက်ပေးထားပါတယ်။ အဆိုပါ အင်ဂျင်အတွဲအဖက်ကြောင့် 0-100 kmh အထိ အရှိန်တင်မောင်းနှင်ဖို့ အချိန် ၈.၅ စက္ကန့်သာ ကြာမြင့်မှာ ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ကတော့ ၁၀၀ ကီလိုမီတာကို ၆.၄ လီတာ ကုန်မှာပဲ ဖြစ်ပါတယ်။ EV Version ကိုတော့ အဆိုပါ Event မှာ ပြသခဲ့ခြင်းမရှိပေမယ့် ဒီဇိုင်းက Petrol Version နဲ့ အခြေခံခြင်း တူညီပါတယ်။ အဆိုပါကားမှာတော့ လျှပ်စစ်မော်တာ တစ်လုံး တပ်ဆင်ပေးထားပြီး 203 hp အထိ စွမ်းဆောင်နိုင်မှာဖြစ် ကာ 0-100 kmh အထိ အရှိန်တင်နိုင်ဖို့ အချိန် ၇.၆ စက္ကန့် ကြာမြင့်မှာဖြစ်ပြီး 52 kWh ဘက်ထရီနဲ့ဆို 450 ကီလိုမီတာအထိ မောင်းနှင်နိုင်မှာဖြစ်ကာ 72 kWh ဘက်ထရီ နဲ့ဆိုရင်တော့ ကီလိုမီတာ ၆၀၀ ကျော် မောင်းနှင်နိုင်မှာပါ။

Photo Credit: carnewschina

အတွင်းပိုင်းကတော့ Petrol Version မှာ Center Tunnel ပါဝင်လာတာကလွဲလို့ ကားနှစ်မျိုးလုံး တူညီစွာ ဖန်တီးလာပြီး Infotainment အတွက် ကြီးမားတဲ့ Portrait Screen နဲ့ Instrument Panel အတွက် ပို သေးတဲ့ Letterbox Screen တွေထည့်သွင်းပေးထားပါတယ်။ Qoros 6 Sedan ကိုတော့ တရုတ်ဈေးကွက် အတွင်း စတုတ္ထ ၃ လပတ်လောက်မှာ ထွက်ရှိလာနိုင်ပြီး Petrol Version က အရင်ထွက်ရှိလာမှာ ဖြစ်ကာ EV Version က နောက်ကျမှ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina