ကနေဒါ နိုင်ငံထုတ် ပထမဆုံး လျှပ်စစ်ကား Project Arrow ကိုတော့ Automotive Parts Manufacturers Association (APMA) ကနေ လက်ရှိ ကျင်းပနေတဲ့ နည်းပညာပြပွဲကြီး CES မှာ ချပြခဲ့ပါပြီ။ အဆိုပါ ကားကိုတော့ ကနေဒါ ပြည်တွင်း နည်းပညာတွေနဲ့ချည်း ဖန်တီးထားတာဖြစ်ကာ နိုင်ငံအတွက် ပထမဆုံး ပြည်တွင်းဖြစ် လျှပ်စစ်ကားလည်းဖြစ်လာမှာပါ။ အဓိက ကတော့ ကနေဒါရဲ့ ကားလုပ်ငန်းပိုင်း တိုးတက် စေရုံ သာမက လာမယ့် ၂၀၅၀ မှာ ကာဗွန်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ ပစ်မှတ်ထားနေတဲ့ ကနေဒါဝန်ကြီးချုပ် Trudeau ရဲ့ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်‌လာမှာ ဖြစ်ပါတယ်။

Carleton တက္ကသိုလ် ရဲ့ Industrial Design မေဂျာမှ တက္ကသိုလ် ကျောင်းသား ၄ ‌ယောက် အဖွဲ့ကနေ အခု Concept ကားရဲ့ ဒီဇိုင်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီဇိုင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ကျင်းပထားခဲ့တဲ့ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရခဲ့တာ ဖြစ်ကာ အဆိုပါ ပွဲကြီးမှာ ဆိုရင် ကနေဒါနိုင်ငံ တစ်ဝန်းက အခြားသော ဒီဇိုင်းအဖွဲ့ ၂၀ လောက် အထိကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီဇိုင်းကို အချိန်အတော် ကြာကြာ ဖန်တီးခဲ့ကြ‌ပြီးမှ ထွက်ပေါ်လာတဲ့ အခု Concept ကတော့ အရှေ့ဘက် Fascia ခပ်မြင့်မြင့် ၊ Headlights ခပ်ပါးပါး တွေနဲ့ တစ်ဝက်လောက် အုပ်ထားတဲ့ Grille ဒီဇိုင်း တို့ပါလာမယ့် Geometric ပုံစံ ခပ်လန်းလန်း Crossover ကားတစ်စီးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သပ်ရပ်လှပတဲ့ လေကာမှန် ၊ မှန်အမိုးမည်းနဲ့ ခပ်ချွန်ချွန် တံခါးပုံရိပ်တွေ ကလည်းကား ဒီဇိုင်းကို ပိုကြွတက်လာ စေပါတယ်။ အတွင်းခန်း မှာတော့ ခေတ်ပေါ်ကားတွေ အတိုင်းပဲ Digital Instrument Cluster ၊ အရှေ့ဘက် ခရီးသည်အတွက် သပ်သပ် Display တို့အပြင် ကားရဲ့ ခေတ်လွန် အပြင်အဆင်ကြောင့် ဘက်မှန်အစား ဘက်ကင်မရာ Screen တွေ ကိုပါ တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အနောက်ဘက် တံခါး ပုံစံတွေကတော့ Suicide Doors တွေ ဖြစ်ကြကာ ဖွင့်လိုက်မယ် ဆိုရင်တော့ သီးသန့် စီ ခွဲထုတ် ပေးထားတဲ့ ခရီးသည် နောက်ခန်းကို ရှင်းရှင်းလင်းလင်း မြင်ရစေမှာပါ။ အတွင်းခန်း ထဲ နည်းနည်း ကြည့်ခွင့် ရခဲ့တဲ့ The National Post သတင်းအရတော့ ကားမှာ ဆိုလာပြား စနစ်နဲ့ အမိုးပါဝင်လာတယ်လို့ သိရပြီး လျှပ်စစ် မော်တာလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ လျှပ်စစ် မော်တာရဲ့ စွမ်းဆောင်ရည်ပိုင်း အနေနဲ့ကတော့ 550 hp အထိ ရှိလာမှာဖြစ်ပြီး တစ်ခါ အားသွင်းထားရင် ၃၁၁ မိုင် လောက် အထိကို မောင်းနှင် နိုင်မှာပါ။ အခု ပြသထားတဲ့ Concept ကားကို ဖန်တီးဖို့ အတွက် ဒေါ်လာ ၅ သန်း လောက်ကုန်ကျခဲ့ပြီး ကနေဒါ ရဲ့ ကုမ္ပဏီ လုပ်ငန်းပေါင်း ၅၈ ခုလောက် ပေါင်းစပ်ဖန်တီးထားတယ်လို့လည်း သိရပါတယ်။

Ref: AllAutoExperts