နာမည်ကျော် Nurburgring ကားမောင်းလမ်းကြောင်းရဲ့ ၁၂.၉ မိုင် ပမာဏကို ယာဉ်မောင်း Lars Kern မောင်းနှင်တဲ့ Porsche Taycan Turbo S ကားအသစ်က ၇ မိနစ် ၃၃.၃၅ စက္ကန့်နဲ့ စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပမာဏ ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လတုန်းက တင်ရှိထားခဲ့တဲ့ Tesla Model S Plaid ကားရဲ့ အမြန်ဆုံး စံချိန်ထက်ကို ၂ စက္ကန့် လောက်ပိုသာ သွားနိုင်ခဲ့တာပါ။ အထူးသဖြင့် ပြေးလမ်းတစ် လျှောက် မောင်း‌နှင် စမ်းသပ်ကြတဲ့ လျှပ်စစ်ကားတွေထဲ အခုကားက အမြန်ဆုံး ဖြစ်လာခဲ့ပါပြီ။ အခုကားမှာ ‌ထပ်ပြီးပြုပြင်ပြောင်းလဲ ပေးထားတဲ့ အပိုင်းဆိုလို့ Roll Cage ထပ်ထည့်ကာ လုံခြုံရေးအတွက် ပြိုင်ကား ထိုင်ခုံတွေ ပြောင်းတပ် ပေးလိုက်တာပဲ ရှိပါသေးတယ်။ Porsche ရဲ့ ပြောကြားချက် အရတော့ အခုလို ပြောင်းလဲ တပ်ဆင်လိုက်ရတာလေးတွေ ရှိပေမယ့် ကားရဲ့ အလေးချိန်က မူလ အတိုင်းအတူတူပဲလို့ သိရပါ တယ်။

Photo Credit: MotorAuthority

အဆိုပါ ကားမှာတော့ လျှပ်စစ်မော်တာ ၂ လုံး တပ်ဆင်ထားတာဖြစ်ပြီး ပုံမှန်ဆိုရင် 616 hp အထိ စွမ်းဆောင်နိုင်ကာ Launch Control သုံးပြီး မောင်းမယ် ဆိုရင်တော့ တစ်ခဏ အတွင်းမှာတင် 750 hp အထိ စွမ်း ဆောင် သွားနိုင်တာပဲ ဖြစ်ပါတယ်။ အခု စံချိန်တင်အောင် မောင်းပြနိုင်ခဲ့တဲ့ ကားမှာတော့ မောင်းရတာ ‌ပိုပြီးတည်ငြိမ်နေစေဖို့ အတွက် Dynamic Chassis Control Active Roll Stabilization စနစ်ကို ထည့်သွင်း တပ်ဆင် ပေးထားကာ ဘီးတွေကလည်း Performance ပိုင်း ပိုကောင်းတဲ့ ၂၁ လက်မအရွယ် ဘီးတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် တာယာတွေက အစ Pirelli P Zero Corsa တာယာ အကောင်းစားတွေကို ပြောင်း ပေးထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ နောက်ဆုံး ထွက်ထားတဲ့ ကားအတွက် Software Update ကပါ တာယာတွေ အတွက် Porsche 4 D Chassis Control စနစ်တွေ ရလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကတော့ Taycan ကားသစ်ရဲ့ Chassis ပုံစံအမျိုးမျိုးကို မောင်းနေရင်းနဲ့ပဲ လိုသလို ညှိပေးနိုင်မှာပါ။

Photo Credit: MotorAuthority

အဆိုပါ Performance Kit အသစ်ကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာမှ Porsche Tequipment Accessories ဆိုင်တွေမှာ ဝယ်ယူ တပ်ဆင်နိုင်မှာပါ။ Kit ကိုတော့ 2023  Taycan Turbo S အတွက်ပဲ သီးခြား ဒီဇိုင်း ပြင်ဆင် ပေးထားတာဖြစ်ပြီး လတ်‌တလောမှာတော့ ဂျာမနီ ဈေးကွက်အတွက်ပဲ ရနိုင်ပါသေးတယ်။ ယာဉ်မောင်းဖြစ်သူ Kern ကတော့ အခုလိုမျိုး စံချိန် စွမ်းဆောင်ရည်ကို ယခင်တုန်းက Super Sports ကားတွေမှာသာ ရခဲ့ဖူးပေမယ့် အခု ကားကိုမှ Performance Kit အသစ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ကားကပိုပြီး တိတိကျကျနဲ့ ထိန်းလို့ ကောင်းသွားတာကြောင့် စံချိန်လည်းတင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 2023 Taycan ကားအသစ်‌တွေ အကုန်လုံးကတော့ အခုနောက်ဆုံး ထွက်ထားတဲ့ Software Update ရရှိမှာဖြစ်ပြီး update အရ အဆင့်မြင့်ဆုံး ရလာတဲ့ အပိုင်းကတော့ စက်ပိုင်းဆိုင်ရာမှာ ပိုပြီး ချောချောမွေ့မွေ့ စွမ်းဆောင်ရည် ပိုကောင်းလာတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority