ကားဝယ်ယူသူတွေကို ဒီဂျစ်တယ် နည်းပညာသစ်တွေနဲ့ ကောင်းကောင်း ခံစားပေးနိုင်ဖို့ ဆန်းသစ်ကြိုးစား ပေးနေကြတဲ့ ကားကုမ္ပဏီ တွေထဲမှာ Porsche လည်း အပါအဝင် ဖြစ်ပါတယ်။ သူတို့ မိတ်ဆက်ပေးခဲ့ဖူးတဲ့ ထူးထူးခြားခြား နည်းပညာတွေမှာ ဆိုရင်လည်း ကားအသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ စိတ်ကြိုက်လမ်းတွေ ကို Record ယူထားနိုင်ကာ ဒီဂျစ်တယ် နည်းပညာနဲ့ ပြောင်းပေးပြီး Virtual နည်းပညာနဲ့ အပျင်းပြေ ဂိမ်း ဆော့သလို မောင်းလို့ ရမယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ အဆိုပါ စနစ်သစ်ကိုတော့ Cayman GT4 RS မှာ စတင် မြင်ခဲ့ရတာပါ။ ဒါ့အပြင် ဖျော်ဖြေရေး ‌အတွက်တင်မကပဲ လက်တွေ့မှာပါ ပိုအသုံးကျစေဖို့ အတွက် Track Precision App ဆိုတဲ့ လမ်းကြောင်း အထောက်အကူပြု App တစ်ခုကိုလည်း Porsche တို့ ဖန်တီး ပေးခဲ့ပါသေးတယ်။ အဆိုပါ App မှာတော့ ကားရဲ့ Telemetry စနစ်ကို အသုံးပြုပြီး ကားရဲ့ အလှပဆုံး အကောင်းမွန်ဆုံးမောင်းနှင်ခဲ့တဲ့ အခိုက်အတန့်တွေကိုတောင် မှတ်တမ်းတင်နိုင်ဦးမှာဖြစ်ပြီး လမ်းကြောင်း တွေ အတွက်လည်း အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ အဆိုပါ စနစ်တွေက အထင်ကြီးစရာလည်း ကောင်း သလို တကယ်လည်း အသုံးဝင်လာမယ့် စနစ်သစ်တွေ ဖြစ်ကြပေမယ့်အခု တော့ ပိုကောင်းမယ့် နည်းပညာ အဆန်း တစ်ခုကိုတောင်ထပ်ပြီး ချပြလာပြန်ခဲ့ပါပြီ။

 

အခု အသစ်ကြေညာလိုက်တဲ့ နည်းပညာကတော့ Holoride Cosmic Chase ဖြစ်ပြီး ဂိမ်းတစ်ခုလိုမျိုး ဖြစ် ကာ Porsche Cayenne ကားက ဂိမ်းထဲမှာ အဓိက ပါဝင်နေပါတယ်။ VR စနစ် အခြေခံသုံးထားတာ ဖြစ်ပြီး အမေရိကန် ၊ လော့စ်အိန်ဂျလိစ် မှာ ရှိတဲ့ Porsche Experience Center မှာ အခု နည်းပညာကို စမ်းသပ် အသုံးပြုနိုင်ကြမှာပါ။ အဆိုပါ စနစ်ကတော့ ၂၀၁၉ တုန်းက မြင်ခဲ့ရတဲ့ Back Seat Driving Experience စနစ် ရဲ့ နောက်ဆက်တွဲ တိုးတက် လာတဲ့ VR စနစ် ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကို ခံစားဖို့ အတွက် အဓိကကတော့ Cayenne ကားပေါ်မှာ ထိုင်ပြီး Holoride အတွက် အသုံး ပြုနိုင်မယ့် မျက်မှန်တွေ တပ်ဆင်ရမှာပါ။ အခုလို တပ်ဆင်လိုက်တာနဲ့တင် VR စနစ်နဲ့အတူ သင့်ကို အာကာသခရီးစဉ်ထဲ ခေါ်ဆောင် သွားမှာ ဖြစ်ပြီး တစ်ချိန်တည်း မှာပဲ အတွေ့အကြုံရင့် ကားမောင်း ဆရာတွေက သတ်မှတ်ထားတဲ့ လမ်း ကြောင်းအတိုင်း မောင်းနှင်ပေးကာ အာကာသထဲ ရောက်နေတဲ့ အရသာ ကောင်းကောင်း ကို ခံစားပေးစေ နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုပြီး ပျော်ဖို့ ကောင်းမှာကတော့ သင်က ကားပေါ်မှာ လိုက်စီးရုံ သပ်သပ် မဟုတ်ပဲ Joystick တစ်ခုကို ကိုင်ပြီး ကြိုက်တဲ့ နေရာကို လေဆာအလင်းတန်းတွေနဲ့ ပစ်ရတဲ့ အရသာကိုပါ ရဦးမှာဖြစ် လို့ အာကာသ ရုပ်ရှင်တစ်ခုထဲ ကိုယ်တိုင် ဝင်သရုပ်ဆောင် နေရသလိုကို ဖြစ်နေမှာပါ။

Photo Credit: CARBUZZ

အခု စနစ်အတွက်တော့ Holorider နဲ့ Cayenne ကားရဲ့ လီဘာတွေ ၊ ဘရိတ် နင်းနှုန်း တွေ စတီယာတိုင် အချိုးအကွေ့ တွေအကြား လုံးဝထစ်ငေါ့ ပြတ်တောက်တာမျိုး မကြုံရအောင် သေချာပြန်ဆင် ပေးထားပါ တယ်။ ဒါကြောင့်လည်းအခုစနစ်ကို လိုက်ပါစီးနင်း ကြည့်ကြသူတိုင်းအဖို့ ပုံရိပ်တွေကွာဟပြီး မူးသွားတာမျိုး တွေ မကြုံရမှာပဲ ဖြစ်ပါတယ်။ အဆိုပါ Cosmic Chase Experience အသစ်ကိုတော့ Schell Games ကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ဆောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ၊ Pennsylvania ပြည်နယ် အခြေစိုက် ဖွဲ့စည်းထားတဲ့ အဆိုပါ ဂိမ်း ကုမ္ပဏီ ကတော့ VR Gaming အပိုင်းမှာ တစ်ဦးချင်းသုံးတွေ အတွက်ရော ၊ စီးပွားရေးလုပ်ငန်းသုံးတွေ အတွက်ပါ ကောင်းကောင်း အသိအမှတ်ပြုမှုကို ရရှိထားတာဖြစ် ပြီး လုပ်ငန်းကလည်း ၂၀၀၂ ခုနှစ် ကတည်းကကို စတင် လည်ပတ်နေခဲ့ တာပါ။ အခု ကုမ္ပဏီ နဲ့ Porsche တို့ အကြား ပူးပေါင်း ဆောင်ရွက်မှုကတော့ လွန်ခဲ့တဲ့ ၃ နှစ် လောက် ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခု Holoride ရဲ့ ပထမဆုံး‌သော နည်းပညာသစ် ကတော့ သိသိသာသာ တိုးတက် လာတဲ့ ခြေလှမ်းကောင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

Ref: carbuzz.com