Taycan ကားသစ်နဲ့ လျှပ်စစ် ကားခေတ်သစ်ကို စတင်ဖွင့်လှစ်ထားတဲ့ Porsche ဟာ ဒုတိယမြောက် မျိုးဆက် Macan လျှပ်စစ် ကားကိုလည်း ဖန်တီးနေပါပြီ။ ဒါပေမယ့် သူတို့မှာ မရှိသေးတာကတော့ ဇိမ်ခံလျှပ်စစ် SUV အမျိုးအစားပါပဲ။ လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ Sports Car တွေနဲ့ Sports အရသာဆန်ဆန် ကားတွေနဲ့သာ နာမည်‌ရနေပေမယ့် Macan လျှပ်စစ်ကားပြီးရင်တော့ ဇိမ်ခံ EV SUV တစ်စီးကို သေချာပေါက် ထုတ်လာနိုင်ပါတယ်။ Sport SUV မဖြစ်နိုင်တာ တော့ သေချာတာကြောင့် သူတို့ရဲ့ Lineup ကို ဘက်ထရီလျှပ်စစ် အနာဂါတ်မှာ ပိုကြီးအောင် လုပ်ပေးနိုင်မယ့် ဇိမ်ခံ အမျိုးအစားသစ် တစ်ပိုင်းဖြစ်ကောင်း ဖြစ်လာနိုင်နေပါတယ်။

Photo Credit: MotorTrend

အခုလိုမျိုး ဇိမ်ခံ EV SUV တစ်စီး ထုတ်လုပ်မယ် ဆိုတာကိုတော့ Porsche ရဲ့Capital Markets Day မှာကို ထုတ်ပြော ခဲ့တာဖြစ်ပြီး လက်ရှိ ‌ဈေးကွက်အတွင်း စွမ်းဆောင်ရည်တွေနဲ့ အနာဂါတ် ဖြစ်နိုင်ဖွယ် တွေကို ချပြတဲ့ပွဲလည်း ဖြစ်ခဲ့ ပါတယ်။ အခုလို EV SUV အသစ်ကိုတော့ ဇိမ်ခံဈေးကွက်သီးသန့် အတွက်ကိုပါ သပ်သပ်ကို ရည်ရွယ်လာမှာ ဖြစ်တယ် လို့ ဆိုထားပြီး Porsche ရဲ့ ဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ Oliver Blume ကလည်း သူတို့ရဲ့ သမိုင်းကြောင်းသစ် တစ်ရပ် အနေ နဲ့ လျှပ်စစ်သီးသန့် ဇိမ်ခံ SUV ကိုထည့်သွင်းလိုတာ ဖြစ်ပြီး လိုက်ပ်ဇစ်မှာပဲ ထုတ်လုပ်သွားမယ်လို့ကို အတည်ပြု ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ ကားသစ်နဲ့ ပတ်သက်လို့ သိရသမျှက ဒီလောက် အနေအထားပဲ ရှိသေးတာ ကြောင့် ဆက်လက်စောင့်မျှော် ရဦးမှာပါ။

Photo Credit: MotorTrend

ဒါပေမယ့် Autocar သတင်းဘက်ကတော့ သူတို့အခု ပြောနေတဲ့ကားဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက မြောက် အမေရိက Porsche Dealers တွေအကြား မြင်ခဲ့ရပြီး သေချာမသိနိုင်သေးတဲ့ Porsche ကားအကြောင်း ပြောတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ တကယ်သာ ဆိုရင်တော့ အဆိုပါ SUV ဟာ Cayenne ထက်ကို ပိုကျယ် ပိုကြီး ပြီး အခြား Porsche ကားတွေနဲ့ မတူပဲ အနောက်ဘက် ခပ်ပြားပြားလေး ဖြစ်လာနိုင်ပါတယ်။ ဇိမ်ခံ သီးသန့် ကားဖြစ်တာ ကြောင့် Cayenne နဲ့ 2023 Macan တို့ရဲ့ အထက်မှာရပ်တည် လာနိုင်ပြီး Macan ကတော့ လျှစ်စစ် သီးသန့် အဖြစ်ပဲ မြင်ရတော့မယ့် ကားတစ်စီး ဖြစ်ပါတယ်။ Blume က ဆက်ပြီး အတည်ပြု ပြောထားရာမှာတော့ သူတို့က VW Group နဲ့လည်း ပူးပေါင်းမှုတွေ ရှိထားတယ်လို့ သိရတာကြောင့် အခုကားသစ်က Porsche ရဲ့ သီးသန့် Chassis Platform တစ်ခုအနေနဲ့ ထွက်လာနိုင်မှာမျိုး မဟုတ်ဘူးလို့တော့ ယူဆရပါတယ်။ ဒီအတိုင်းသာ ဆိုရင်တော့ အဆိုပါ ကားသစ်ကို Scalable Systems Platform (SSP) လို့ ခေါ်တွင်တဲ့ VW သုံး Platformတစ်ခုကို အခြေခံ ဖန်တီး ပေးလာ နိုင်ပါတယ်။ ဒါ့အပြင် Autocarကတော့ Panamera တတိယမြောက် မျိုးဆက်နဲ့ Taycan ဒုတိယ မျိုးဆက်တွေမှာပါ အခု Platform သုံးလာနိုင်တယ်လို့ ခန့်မှန်းလိုက်တာကြောင့် သေချာ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။

Ref: MotorTrend