Porsche Cayenne ကားကိုမှ အမိုးဖွင့် ကားအမျိုးအစား အနေနဲ့ ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့ဖူးတယ် ဆိုရင်တော့ သိတဲ့ သူရှားနိုင်ပြီး မြင်ဖူးတဲ့ သူလည်း နည်းပါ လိမ့်မယ်။ တကယ်က အခုလိုမျိုး အမိုးဖွင့်  Cayenne ကားကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု အကြာတုန်းက မူလ Porsche Cayenne SUV ကားစတင် ထုတ်လုပ် ခဲ့ အပြီးမှာတင် ထုတ်လုပ်ဖို့ အတွက် စဉ်းစားခဲ့ဖူး‌တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ ကုမ္ပဏီက အဆိုပါကားရဲ့ ဒီဇိုင်း ပုံရိပ်တွေကို ချပြခဲ့ပြီး ၂၀၀၂ နှစ်ကုန်ပိုင်း လောက်တုန်းက မူလ Cayenne ကားကို ရောင်းချအပြီးမှာ နမူနာ မြင်ခဲ့ရတဲ့ အမိုးဖွင့်ကားလည်း ဖြစ်ပါတယ်။ အဆိုပါ အချိန်တုန်း ကတော့ Nissan ရဲ့ Murano CrossCabriolet ကားကို မချပြ ခင် အချိန်လောက် ဖြစ်နိုင်ပါတယ်။ အဆိုပါ အမိုးဖွင့် ဒီဇိုင်းနဲ့ ကားကတော့ မူလ Cayenne ရဲ့ ကိုယ်ထည်ကို အသုံး ပြုထားတဲ့ ၃ စီးထဲက တစ်စီးဖြစ်ကာ ကျန်တဲ့ ကားတွေကတော့ ထိုင်ခုံ ၃ တန်း နဲ့ Coupe ပုံစံ ဆွဲဆန့်ထားကြတာပါ။ Coupe ကိုယ်ထည် ပုံစံကိုတော့ လက်ရှိ တတိယမြောက် မျိုးဆက် Cayenne မှာ မြင်ရတော့တာဖြစ်ပြီး ဒါကိုမှ တံခါး ၄ ပေါက်ပါ Cayenne Coupe အနေနဲ့ တွေ့လာရတာ ဖြစ်ပါ တယ်။

Photo Credit: MotorAuthority

အခုလိုမျိုး နမူနာထုတ်လုပ် ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းထဲက Cayenne အမိုးဖွင့်ကား ကိုတော့ ဂျာမနီနိုင်ငံ ၊ စတုဂတ် မှာ ရှိတဲ့ Porsche ရဲ့ တရားဝင်ပြတိုက် ကြီးထဲမှာ ခင်းကျင်းပြသထားပြီး တကယ်မောင်းလို့ရတဲ့ Prototype အဆင့်တော့ မဟုတ်ခဲ့ပဲ ဒီဇိုင်းပိုင်း အတွက် ပြင်ဆင်ထားတဲ့ပုံသာ ဖြစ်ခဲ့ပါတယ်။ အခုလို ဒီဇိုင်းပုံမျိုးကိုတော့ Porsche ကနေ Package Function Model (PFM) လို့ အတိုကောက် ခေါ်ဝေါ်ထားပြီး အခု ကားပုံစံမှာ ဆိုရင် အနောက်ဘက်က ဒီဇိုင်း ပုံစံ ၂ မျိုးကွဲ နေတာကို သတိပြုမိပါလိမ့်မယ်။ အကြောင်းကတော့ ကားကို ပြင်ဆင်တုန်းက အင်ဂျင်နီယာတွေ အနေနဲ့ ဒီဇိုင်း ၂ မျိုး စဉ်းစားရေးဆွဲ ခဲ့ကြတာ ဖြစ်လို့ အခုလိုမျိုး ၂ မျိုးလုံး ရွေးနိုင်အောင် ထည့်ပေးထား လိုက်တာပါပဲ။ ဒီဇိုင်နာ တွေကတော့ ကားကို တံခါး ၂ ပေါက်ပါပြီး Targa Style ကိုယ်ထည် မျိုးနဲ့ အတူ အနောက်ဘက်မှာလည်း Roll Bar ပါတာမျိုးကို လိုချင်တာ ဖြစ်ကာ အဓိကကတော့ အမိုးကို အနောက်ဘက် ရွှေ့လိုက်မယ်ဆိုရင် အဆင်ပြေပြေ ရှိနေ စေ ချင်ကြတာ ဖြစ်ပါတယ်။ အတွင်းခန်း ကလည်း တကယ့် ထုတ်လုပ်တဲ့ အဆင့်ရောက်နိုင်ခဲ့တဲ့ မူလ Cayenne ကားတွေ နဲ့ အတူတူပဲဖြစ်ပြီး Windshield ပိုင်းပဲ အနည်းငယ် ပိုနိမ့်သွားတာပါ။ ဒါ့အပြင် ဖွင့်နိုင်မယ့် အမိုးကလည်း အလို အလျောက် စနစ်သုံးထားတာဖြစ်ပြီး အနောက်ဘက်ကို လိပ်ပြီး ခေါက်သွားမှာ ဖြစ်ကာ ပြန်ဖွင့်ရင်လည်း ဝင်ရိုး ၂ ချောင်းတစ်လျှောက် အသာအယာလေး ပြန်ပွင့်သွားမယ့် ပုံစံ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့်လည်း အဆိုပါ ကားကတော့ အခုလို ဒီဇိုင်းအကြမ်းအဆင့်ကနေ မကျော်နိုင်ခဲ့ပဲ ကုမ္ပဏီရဲ့ အဆိုအရတော့ အဆိုပါ အချိန်တုန်းက စီမံကိန်းတွေက လည်း အခုကား တကယ် အဆင်ပြေမပြေဆိုတာကို အာမ မခံပေးနိုင် ခဲ့ကြပါဘူး။ ဒါတင်မကသေးပဲ အခုကားကို Porsche တံဆိပ်ကပ်လို့ လိုက်ဖက်ပါ့မလား ဆိုတာကလည်း အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ခဲ့ပြန်တာ ဖြစ်ပါတယ်။ Porsche ရဲ့ ဒီဇိုင်းပိုင်း အကြီးအကဲ ဖြစ်သူ Michael Mauer အနေနဲ့ ကတော့ အခုလိုမျိုး SUV ကိုမှ အမိုးဖွင့် ကားလုပ်ဖို့ ဆိုတာ ဒီဇိုင်းပိုင်း အရရော ဈေးကွက်အရပါ ခက်ခဲမှုတွေ အတော် များ ခဲ့တယ်လို့ ဆိုထားခဲ့ပြီး အမိုးသေးသေးကို မှ ဖွင့်လို့ရတယ် ဆိုတာမျိုး တစ်ဝက်တစ်ပျက် ဖြစ်နေမယ်ဆိုရင် ကြည့်ရတာလည်း အဆင်ပြေမှာ မဟုတ်ဘူးလို့ပါ ဆိုခဲ့ ပါသေးတယ်။ ဒါပေမယ့် အဆိုပါ အချိန်တုန်းက အခုလို အခက် အခဲတွေထဲက နေထွက်ခဲ့တဲ့ အမိုးဖွင့် SUV Murano CrossCabriolet ပြီးနောက်မှာ နောက်ထပ် အလားတူ ကား ၂ မျိုးအထိ ရှိခဲ့သေးတာပါ။ အဆိုပါ ကားတွေကတော့ Land Roverရဲ့ ယခင် Compact Crossover ကားပေါ် အခြေခံ ဖန်တီးထားတဲ့  Land Rover Range Rover Evoque Convertible အမိုးဖွင့်ကားနဲ့ Volkswagen T-Roc Cabriolet ကားတို့ပဲ ဖြစ်ကြပါတယ်။

Ref: MotorAuthority