ဂျာမနီနိုင်ငံ ၊ Emden ဆိပ်ကမ်းကနေ ထွက်လာခဲ့တဲ့ မီတာ ၂၀၀ အရှည်ရှိ ကုန်တင် သင်္ဘောကြီးကတော့ Rhode ကျွန်းနား အရောက်မှာ မီးလောင်ကျွမ်းခဲ့ပြီး ပေါ်တူဂီ ရေတပ်ကတော့ သင်္ဘောသား ၂၂ ယောက်ကို အတ္တလန်တစ် သမုဒ္ဒရာထဲကနေ ကယ်ဆယ်ရရှိ ထားတယ်လို့ သတင်းတွေက ဖော်ပြလာနေပါတယ်။ စိတ် မကောင်းစရာကတော့ အဆိုပါ သင်္ဘောကြီးပေါ်မှာ Porsche နဲ့ Volkswagen တွေရဲ့ ကားသစ်တွေ မရေ မတွက်နိုင်အောင် တင်ဆောင်လာ ခဲ့တာဖြစ်ကာ သင်္ဘောပေါ်ပါလာသူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့်လည်း တန်ဖိုးကြီးလွန်းတဲ့ သင်္ဘောကြီးအပါအဝင် အရာရာကတော့ ဆုံးရှုံး ခဲ့ရပါတယ်။ Twitter အသုံးပြုသူ Zerin Dube ဆိုသူကတော့ Porsche Track Your Dream ဆိုတဲ့ App ကနေ Porsche ကားတွေ တင်ဆောင် လာတဲ့ အဆိုပါ သင်္ဘောကြီးမီးလောင်နေတယ် ဆိုတာကို အချက်ပြ ခဲ့တယ်လို့ ဖော်ပြလာပါတယ်။ အဆိုပါ App ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Porsche ကနေ သူတို့ကုမ္ပဏီရဲ့ ကားအသစ်တွေပါလာတဲ့ သင်္ဘောကြီး မီးလောင် နေတာကို ကြားသိထားရပြီး သက်ဆိုင်တဲ့ကားပိုင်ရှင်တွေ အဖို့ နောက်ဆက်တွဲ သတင်းတွေ သိရ အောင် ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။
ပေါ်တူဂီရေတပ်ကတော့ အဆိုပါသင်္ဘောကြီးကို Azores ကျွန်းတစ်ကျွန်းအနားဆွဲတင်ခဲ့ပါတယ်။ အခု မီးလောင်ကျွမ်းသွားခဲ့တဲ့ သင်္ဘောကတော့ ၁၇ နှစ်သက်တမ်းရှိ ကုန်တင်သင်္ဘော Felicity Ace ဖြစ်ပါတယ်။ သင်္ဘောတွေရဲ့ သွားရာ လမ်းကြောင်းကို မှတ်သားပေးထားနိုင်တဲ့ Fleetmon Website မှာ ဆိုရင်တော့ အဆိုပါသင်္ဘောနားကို ပေါ်တူဂီ ရေတပ်ကကပ်သွားခဲ့ပြီး ကူညီကယ်ဆယ်ခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။ ကားနဲ့ ပတ်သက်တာတွေ တင်ဆက်ပေးနေတဲ့ Youtuber တစ်ယောက်ဖြစ်တဲ့ Matt Farah ကလည်း သူမှာယူထားတဲ့ Porsche ကားတစ်စီး အဆိုပါ သင်္ဘောပေါ်မှာပါသွား ကြောင်း Twitter စာမျက်နှာထက် ကနေ အသိပေးလာခဲ့ပါတယ်။ Farah ကတော့ သူ့ကို အရောင်းကိုယ်စားလှယ် ကနေ တစ်ဆင့် ဆက်သွယ် လာတာဖြစ်ပြီး သမုဒ္ဒရာအလယ်က မီးလောင်နေတဲ့ သင်္ဘောကြီးထဲ သူ့ရဲ့ ကားလေး ပါသွားပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုထားပါတယ်။ သူ့အနေနဲ့ကတော့ Porsche Boxster 718 Spyder ကားလေးကို ပြီးခဲ့တဲ့နှစ် ဩဂုတ် လကမှ မှာယူထား ခဲ့တာဖြစ်ပြီး အခုလို ဖြစ်ရပ်ကြီး ဖြစ်ပွား ခဲ့တာကတော့ သူအပါ အဝင် Brand New Porsche ကားအသစ် တွေကိုမှာယူထားပြီး ရင်ခုန်စွာ စောင့်ဆိုင်း နေရသူအားလုံးကို စိတ်ပျက် ဝမ်းနည်းသွားစေမှာ အမှန်ပါပဲ။
ထူးခြားတာကတော့ အခုလို ဖြစ်ရပ်မျိုး ကြုံရတာဟာ Porsche အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပဲ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကဆိုရင်လည်း အလားတူ Porsche ကားသစ်တွေတင်လာတဲ့ သင်္ဘောကြီးမီးလောင် နစ်မြုပ်ခဲ့ ရဖူးပါသေးတယ်။ အဆိုပါ ဖြစ်ရပ်တုန်းကလည်း Porsche ကားပေါင်း ၃၃ စီး ကျော်နဲ့ Audi ကား အသစ် အများအပြား ပျက်စီး ခဲ့ရသေးတာပါ။ ပိုဆိုးတာကတော့ ရှားပါတဲ့ စူပါကား GT2 RS တို့လို ကားမျိုး တွေပါ ပါသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း Porsche က အသစ်တစ်ဖန် ပြန်လည် ထုတ်လုပ် ပေးခဲ့လို့သာ ရှားပါးစူပါကားသစ်တွေကို မြင်တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။ အခု သင်္ဘောကြီးပေါ်က မီးလောင် သွားခဲ့ရတဲ့ ကားတွေထဲမှာလည်း Porsche ရဲ့ အထူးထုတ် သီးသန့် ကားတွေများ ပါသွားသေးလားဆိုတာ သေချာမသိရသေးပေမယ့် အခု ကားတွေ အစား ကားအသစ်တွေ အစားထိုး ပြန်ထုတ် ပေးလိမ့်မယ်ဆိုတာ ကတော့ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း ဒီဖြစ်ရပ် ဆိုးကြီးထဲ သင်္ဘောအဖွဲ့သားတွေ အားလုံးကို ကယ်တင်နိုင် ခဲ့တာကပဲ အဆိုးထဲက အကောင်းလို့ သတ်မှတ် ရတော့မှာ ဖြစ်ပါတယ်။
Ref: carbuzz.com
Photo Credit: CARBUZZ