Porsche ကတော့ သူတို့ရဲ့ ကား အမျိုးအစား အကုန်လုံးကို နောက်ပိုင်းမှာ လျှပ်စစ်ကား အဖြစ် ကူးပြောင်း ထုတ်လုပ် တော့မယ်လို့ တရားဝင် အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တကယ့် Icon ကား ကောင်းတစ်စီး ဖြစ်တဲ့ 911 Sports ကားတွေကိုတော့ လျှပ်စစ်ကားတွေ အဖြစ် အလွယ်တကူ မပြောင်းလဲ သေးပဲ Internal Combustion Engine သုံးကားတွေ အဖြစ်နဲ့ပဲ ရနိုင်သလောက် ဆက်ထားဦးမှာပါ။ အဆို ပါ ကားအတွက် ပိုပြီးအဆင်ပြေစေမယ့် Synthetic Fuel နည်းပညာအတွက်ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားရဲ့ လျှပ်စစ်စွမ်းအင်သုံး Version ကိုတော့ ထင်ထားတာထက် စောစောစီးစီးပဲ မြင်လာရဖို့ ရှိနေပါပြီ။ ဂျာမနီက Manager Magazin ကားသတင်းစာ တစ်စောင်က ဖော်ပြ ချက်ထဲမှာဆိုရင်တော့ အဆိုပါ လျှပ်စစ်မျိုးကွဲကားက လက်ရှိမှာ ထုတ်လုပ်တဲ့အဆင့်ကိုတောင် ရောက်နေရုံ မကပဲ QuantumScape က ထောက်ပံ့ပေးတဲ့ Solid State Battery တွေ ကိုတော့ သုံးနေတယ်လို့ အခိုင် အမာ ဖော်ပြထားလို့ပါပဲ။ အဆိုပါ QuantumScape ဆိုတာကတော့ အမေရိကန် အခြေစိုက် ဘက်ထရီ ကုမ္ပဏီတစ်ခု ဖြစ်ပြီး Porsche ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Volkswagen တို့က ရှယ်ယာအများစုပါဝင် ထားတာ လည်း ဖြစ်ပါတယ်။

Photo Credit: InsideEvs

အဆိုပါ ကုမ္ပဏီမှာ VW တို့ ကတော့ ၂၀၁၈ ကတည်းက ဒေါ်လာ သန်း ၁၀၀ အထိ ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပြီး ၂၀၂၀ မှာတော့ နောက်ထပ် သန်း ၂၀၀ ထပ်မံ ရင်းနှီးထားပါသေးတယ်။ ဒါကြောင့် လက်ရှိမှာတော့ အပို ဘဏ္ဍာငွေအနေနဲ့ ဒေါ်လာ ၁ ဘီလီယံ အထိကို လုံလုံလောက်လောက် ရှိနေခဲ့ပြီဖြစ်ပြီး နောက်ပိုင်းကား တွေအတွက် Solid State Battery တွေ ထုတ်လုပ်ဖို့ရာ စိတ်မပူရတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အခု လိုမျိုး VW ရဲ့ တောင့်တင်းတဲ့ နောက်ခံ အင်အားရှိနေတာကြောင့်လည်း ကုမ္ပဏီက အခုလိုမျိုး နည်းပညာ သစ်တွေကို စွန့်စားထုတ်လုပ် နိုင်နေတာပါ။

Photo Credit: InsideEvs

သတင်းရင်းမြစ်ရဲ့ ဖော်ပြချက် အရတော့အဆိုပါ လျှပ်စစ်စွမ်းအင်သုံး 911 ကားသစ်ကို အခု ဆယ်စုနှစ်မတိုင် ခင်မှာ ပဲ ချပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတွေကို တွက်ဆကြည့်မယ်ဆိုရင် အဆိုပါ လျှပ်စစ် မျိုးကွဲ မတိုင်ခင် နောက်ထပ် ဂတ်စ် အင်ဂျင်နဲ့ သာမန် ကားတစ်စီး တော့ထပ်ပြီးမျှော်လင့် နိုင်သေးတဲ့ အနေအထား ပါ။ ဒါ့အပြင် Porsche CEO ဖြစ်သူ Oliver Blume ကတော့ သူတို့ အနေနဲ့ 911 BEV ကားကို ဘယ်တော့မှ ဖန်တီးဖြစ်မှာမဟုတ်ဘူးလို့ ဆိုထားတာကြောင့် လျှပ်စစ်သီးသန့် အစား Hybrid အနေနဲ့အရင် ထွက်လာနိုင်မယ် ဆိုတဲ့သဘော ရှိပါတယ်။ အလားတူ Solid State Battery နည်းပညာကို တစ်ခြား ကုမ္ပဏီတွေ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Toyota တို့က လျှပ်စစ်ကားသီးသန့်မှာ တောင်မဟုတ် သေးပဲ မျိုးဆက်သစ် Prius ကားမှာတင်ပဲ ထည့်ပေးလာ တော့မှာကိုတွေ့ရမှာပါ။ Porsche အတွက်လည်း အလားတူပဲ ဖြစ်လာနိုင်ပြီး ဒါမှလည်း ၂၀၁၈ တုန်းက CEO ကိုယ်တိုင် ပြောခဲ့တာတွေနဲ့ ကိုက်ညီဖို့ ပိုများ သလို လက်ရှိမှာတော့ Porsche ကိုယ်တိုင်ကလည်း မျိုးဆက်သစ် Hybrid 911 ကားတွေကို ထုတ်လုပ်ပေး လာမှာ ဖြစ်တယ်လို့ တရားဝင် ကြေညာထားပြီပဲ ဖြစ်ပါတယ်။

Ref: InsideEVs