Porsche ကတော့ 911 ကားတွေရဲ့ နောက်ဆုံးပေါ်  မျိုးဆက်သစ် 992 ကားတွေပေါ် အခြေခံ ဖန်တီးထားတဲ့ 911 GT 3 R ပြိုင်ကား Redesigned Version အသစ်ကို တရားဝင် ချပြလာပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $ 567,210 အထိ ရှိလာမယ့် အဆိုပါ ကားကို 2023 ပြိုင်ကားရာသီအမှီ ထုတ်လုပ်ပေးလိုက်တာဖြစ်ပြီး မြောက်အမေရိက ဒေသက IMSA Series ပွဲတွေနဲ့ Globale Intercontinental GT Challenge ပြိုင်ပွဲတွေမှာ မြင်ရမှာဖြစ်တဲ့ အပြင် Nurburgring မှာ ကျင်းပမယ့် Endurance ကား ပြိုင်ပွဲတွေမှာလည်း အများဆုံး မြင်တွေ့ရနိုင်ပါတယ်။ 911 GT3 R ကားသစ်ကတော့ GT3 ပြိုင်ကား ပြိုင်ပွဲတွေနဲ့ 911 Customer ပြိုင်ကားပွဲတွေအတွက် အဓိကဒီဇိုင်း ထုတ်ထားတာဖြစ်ပြီး 911 GT3 Cup နဲ့ 911 RSR တို့ရဲ့အကြားက အဆင့်အတန်းရှိတဲ့ ပွဲတွေလည်း ဖြစ်ပါတယ်။ အရေးကြီးတဲ့ တစ်ချက်ကတော့ အခု ကားက လမ်းမထက် သွားလာမောင်းနှင်နိုင်တဲ့ သာမန် 911 GT3 RS ကားနဲ့ အတူတူ အဖြစ်ဆုံး ကားတွေ ဖြစ်ပါတယ်။ အဆိုပါ ကားကလည်း လာမယ့် ဩဂုတ် လ ၁၇ ရက်နေ့မှာထွက်လာဖို့ ပြင်ဆင်နေတာကြောင့် အခုပြိုင်ကားရဲ့ အချက် အလက်တွေနဲ့ တင်ပဲ အတော်လေး ကြိုတင်ခန့်မှန်းလို့ ရနိုင်နေပါပြီ။

Photo Credit: MotorAuthority

အခု ပြိုင်ကားမှာ အဓိက ပြောင်းလဲသွားတဲ့ အပိုင်းတွေ ကတော့ ဘီးဖုံးတွေ ၊ အင်ဂျင်စက်ဖုံးပိုင်း ၊ ပိုကြွတက်လာတဲ့ ဘေးဘက်က Skirts တွေ ၊ အနောက်ဘက်က အတောင်ပံ ခပ်ကြီးကြီးတို့နဲ့အတူ အတော်လေးကြီးမားတဲ့ Diffuser အပိုင်းတို့ပဲ ဖြစ်ကြပါတယ်။ ကားကတော့ Center Locks ဘီးတွေပေါ်မှာ အခြေခံဖန်တီးထားပြီး Michelin ရဲ့ ပြိုင်ကား တာယာတွေကိုလည်း သေချာသုံးပေးထားကာ ကိုယ်ထည်ကတော့ စတီးအများစုကိုမှ အလူမီနီယံနဲ့ ရောပြီး သုံးပေးထား ပါတယ်။ ဒါ့အပြင် ကားရဲ့ ကိုယ်ထည်နဲ့ ချိတ်ဆက်နေတဲ့ Panels တွေ အကုန်လုံးကိုတော့ ကာဗွန် ဖိုက်ဘာ တွေနဲ့ ဆက်လက်ဖန်တီးထား ပြီး ဘီးဖုံးတွေ ကိုတော့ Aramid Fibers တွေနဲ့ ဖန်တီးထားပါတယ်။ GT3 R ဖန်တီးမှုရဲ့ Project Manager ဖြစ်သူ Sebastian Golz ကတော့ အခု ကားရဲ့ အဓိက ရည်ရွယ်ချက်က ယခင်မျိုးဆက် ထက် ပိုမိုမြန်ဆန်လာစေဖို့ဖြစ်ပြီး ပိုပြီးဟန်ချက်ညီ ထိန်းကြောင်းနိုင်စေဖို့လည်း ပြင်ဆင်ထားပါတယ်။ အထူးသဖြင့် အင်ဂျင်နီယာတွေ အနေနဲ့ကတော့ ပိုပြီးအကြမ်းခံနိုင်ဖို့ ပိုပြီးလည်း ငြိမ်နေအောင် မောင်းနိုင်ဖို့အတွက် ကြိုးစား ဖန်တီး ပေးထားတာပဲ ဖြစ်ပါတယ်။ အခု ကားသစ်ရဲ့ အဓိက အစိတ်အပိုင်းကတော့ 4.2 Liter Flat-6 Engine ဖြစ်ပြီး ယခင် မျိုးဆက် အဟောင်းရဲ့ 4.0 Liter Engine ထက် ပိုကျယ်တဲ့ Rev Band တွေလည်း ပါဝင်လာပါတယ်။ တစ်ခြားသော ပိုကောင်းလာတဲ့ စွမ်းဆောင်ရည်တွေမှာတော့ ပိုငြိမ် ပိုစွမ်းဆောင်လာနိုင်တဲ့ Aerodynamic Performance ပိုင်းကောင်းတဲ့ အနောက်ဘက် တာယာတွေရဲ့ လမ်းအနိမ့်ပိုင်း စွမ်းဆောင်ရည် ကောင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အင်ဂျင် အသစ်ကတော့ 565 hp ရှိပြီး ယခင် အင်ဂျင်ထက် 15 hp ပို ကောင်းလာကာ Torque နဲ့ Power Curves ပိုင်း တွေမှာကအစ အတော်လေးကို ယခင်ထက် သိသာတဲ့ တိုးတက် မှုတွေကို မြင်လာရပါတယ်။ ကားကိုတော့ Rear- Wheel Drive စနစ်အပြင် 6-Speed Sequential Transmission ဂီယာနဲ့ ပေါင်းစပ်ပေးထားပြီး Paddle Shifters လည်း ပါဝင် လာပါပြီ။ အင်ဂျင်ကိုတော့ အနောက်ဘက်မှာ ဆက်လက် တပ်ဆင်ထားဆဲဖြစ်ပြီး ယခင်ကား ထက်စာရင်တော့ အင်ဂျင်ထားတဲ့ နေရာက ၅.၅ ဒီဂရီ လောက်အထိ အပြင်ဘက် ပိုထွက်လာတာ ဖြစ်ပါတယ်။ အခုလို အပြင်အဆင် ကြောင့် ကိုယ်ထည်အောက်ပိုင်း Diffuser အတွက် နေရာပိုကျယ်ကျယ် ဖန်တီးပေးထားနိုင်တာ ဖြစ်ပါတယ်။ တစ်ခြား ဆက်စပ် အစိတ် အပိုင်းတွေဖြစ်တဲ့ Alternator တွေနဲ့ အဲကွန်းပိုင်းတွေကိုလည်း ‌အရှေ့ဘက် နည်းနည်းပိုထည့် ထားကာ အောက်ဘက်လည်း နည်းနည်း ပိုရောက်အောင် ပြောင်းပေးလိုက်တာကြောင့် ကားရဲ့ အလေးချိန်ကို ပိုညီ သွားစေတယ်လို့ ဆိုရမှာပါ။ Porsche ကတော့ အခု ကားကို 2022 Spa ၂၄ နာရီပြည့် ပြိုင်ပွဲကြီးမှာ အများပြည်သူ ရှေ့ ပထမဆုံး စတင်ချပြသွားမှာဖြစ်ပြီး အခုကားရဲ့ ပထမဆုံးသော ပြိုင်ပွဲကတော့ 2023 ခုနှစ် ဇန်နဝါရီမှာ ကျင်းပမယ့် 24 Hours Of Daytona ပွဲကြီးပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

(19) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube