ဂျာမနီ နိုင်ငံက Hanna Schoenwald ဆိုသူ အနုပညာရှင် တစ်‌ဦးကတော့ သူမပိုင်ဆိုင်တဲ့ 964 မျိုးဆက် Porsche 911 Carrera 2 ကားလေးကို ထူးထူးခြားခြား အနုပညာ လက်ရာမြောက် ကားလေးတစ်စီး ဖြစ် သွားအောင် ပုံစံ ပြောင်းလိုက်ပါတယ်။ သူမရဲ့ ဖန်တီးမှုလက်ရာက အတော်လေး ချီးကျူးဖို့ ကောင်းတာ ကြောင့် Porsche ရဲ့ တရားဝင် Instagram စာမျက်နှာကနေပါ ဖော်ပြလာခဲ့ပါပြီ။ အဆိုပါ Porsche ကား လေးရဲ့ အဖြူရောင် ကားကိုယ်ထည် လေးက သူမအဖို့ ပန်းချီခြယ်သစရာ ကားချပ်အလွတ်လေး တစ်ခုလို ဖြစ်နေခဲ့ပြီး Video ထဲမှာ မြင်ရတဲ့ အတိုင်း ဖန်တီး သွား ပုံလေး ကလည်း အင်မတန်မှ ရိုးရှင်းလွန်းလှပါ တယ်။ ကားပေါ်ကို လက်တစ်ဖက်က စုတ်တံလေး ကိုင်ပြီး ပုံဖော်ကာ တစ်ဖက်က Brush လေးနဲ့ လိုက်ပြီး အလှဆင် အချောသတ် လိုက်တာပါပဲ။ သူမကတော့ အခု ဖန်တီးမှုလေးကို “ဆေးရောင်ပေါ်မှာ သဘာဝ အလျောက် အလင်းပြန်ခြင်း” ဆိုတဲ့ အယူအဆ Theme လေးကို ယူထားတယ်လို့ ဆိုထား ပါတယ်။

 

သူမကတော့ ကားဆီကို လာပြီး ဒီတိုင်းပုံတွေချဆွဲ လိုက်တာ မဟုတ်ပဲ ပထမဆုံးစာရွက်လေးပေါ်မှာ ပုံကြမ်း ဖန်တီး ခဲ့ပြီး ဖိုက်ဘာမှန် အရွယ်တူ မော်ဒယ်တွေမှာလည်း အဆိုပါ ဒီဇိုင်းလေးကို အရင်ပုံဖော် ကြည့်ခဲ့ပါ သေးတယ်။ သူမရဲ့ ဒီဇိုင်းလေးမှာတော့ မျဉ်းကြောင်းလေးတွေ ၊ အချိုးအကွေ့ မျဉ်းကွေးလေးတွေ အဝိုင်း လေးတွေကို စနစ်တကျ ပေါင်းစပ်ပေးထားတာ ဖြစ်ပြီး 911 ကားလေး ရဲ့ အပြင်ပိုင်းကတော့ တော်တော်ကို သပ်ရပ်သွား တော့တာပါ။ ကားရဲ့ အရှေ့ ဘက်ပိုင်းကတော့ ပိုပြီး ထင်ရှားလှပတဲ့ လက်ရာတွေကို မြင်ရပြီး အင်ဂျင်စက်ဖုံးရှည်ကြီး ပေါ်မှာလည်း ဘန်ဘာ ရဲ့ပုံစံလေးအတိုင်း အနားသတ် ပေးထားတာက ပုံလေးကို အတော် မျက်စိပသာဒကျနေစေ ခဲ့ပါတယ်။ ဒ့ါအပြင် Headlight ဆီကို တည်ပြီး ဆွဲထားတဲ့ ဘဲဥပုံလေးတွေ ကလည်း Headlight ဆီက ရောင်ပြန်ဟပ်နေသယောင်တောင် ထင်ရစေတာပါ။ ဒါ့အပြင်ကားရဲ့ ဘေးဘက် မှန်တွေမှာ ဆိုရင်လည်း အသေးစိတ်လက်ရာ သေးသေးလေးတွေက အစ မြင်နိုင်ပါသေးတယ်။ ကားရဲ့ ဘေး ဘက်မှာလည်း အခုလိုမျိုး ဆေးရောင်ရဲ့ အရောင်ပြန်မှု ဆိုတဲ့ အရသာ ခံစားချက်မျိုးလေး ရအောင် ဆက်ဖန် တီးပေးထားနိုင်ပြီး Fenders တစ်လျှောက် Trapezoidal ပုံစံ လက်ရာ လေးတွေကလည်း ကြွရွနေသလို အနောက်ဘက် Fender အထိကို ဆက်သွားစေတဲ့ အမိုးတစ်လျှောက် လိုင်းလေးတွေ ကလည်း တကယ် လှပစေပါတယ်။

Photo Credit: motor 1.com

မြင်ရသလောက် ကတော့ ကားရဲ့ အနောက်ဘက်ကို သေချာမခံစား လိုက်ရတာ ဖြစ်ပါတယ်။ အနောက် ဘက်မှာ လည်း အခုလိုမျိုးပဲ ဖန်တီးမှု အသေးစားလေးတွေနဲ့ အနုစိတ် လုပ်ထားပေမယ့် အရှေ့လောက် တော့ ပိုပြီး ဖန်တီးထားတာမျိုး မရှိနိုင်ပါဘူး။ အခု ဖန်တီးထားတဲ့ ကားလေးကတော့ ၁၉၉၈ ခုနှစ် ကနေ ၁၉၉၄ အထိ ထွက်ရှိ ခဲ့တဲ့ ကားတွေ ဖြစ်ပြီး All-Wheel Drive Carrera 4 အနေနဲ့ စတင်ခဲ့တာပါ။ Rear-Wheel Drive Carrera 2 ကား အမျိုး အစား ကိုတော့ ၁၉၉၀ နှစ်နှောင်းပိုင်းလောက်မှသာ စတင်ထွက်လာ တာ ဖြစ်ပြီး Coupe ၊ အမိုးဖွင့်နဲ့ Targa ကိုယ်ထည် တွေဆိုပြီး အမျိုးမျိုးရနိုင်ပါတယ်။ Porsche ကတော့ သူတို့ရဲ့ ကားတွေတိုင်းကို သီးသန့်ထင်ရှားနေစေမယ့် Art ကားတွေ အဖြစ် အနုပညာရှင်တွေနဲ့ ပေါင်းစပ် ကာ ဖန်တီး ပေးလေ့ ရှိပါတယ်။ မကြာ သေးခင်တုန်းက‌ပဲ Taycan ကား ကို ပန်းပုံစံလေးတွေနဲ့ အလှဆင်ပြီး Shun Sudo ဆိုတဲ့ အနုပညာရှင် တစ်ယောက်နဲ့ ပူးပေါင်းဖန်တီး ခဲ့တာပါ။ အဆိုပါ ဒီဇိုင်းသစ်နဲ့ ကားလေးကို ပိုပြီးလှပတဲ့ ကားလေးမှန်းသိစေဖို့ ဂျပန်ကိုတောင် အလည်အပတ် ထွက်ခဲ့သေးတာ ဖြစ်ပါတယ်။

Ref: motor 1.com