ဟိုးယခင်က ကားတွေကို လျှပ်စစ်ကားသစ်တွေအဖြစ် အသွင်ပြောင်းဖန်တီးပေးနေကြ ယူကေ အခြေစိုက် Tuning ကုမ္ပဏီ Everrati ကတော့ အခုဆိုရင်လည်း Porsche 911 (964 မျိုးဆက်) ကားကိုပါ လျှပ်စစ်ကားအဖြစ် ဖန်တီး ပေးလိုက်ပြန်ပါတယ်။ အခုပုံထဲမှာ မြင်နေရတဲ့ အပြာရောင် Porsche 911 (964) ကားလေးကတော့ မြောက် အမေရိက ဈေးကွက်မှာပဲ သီးသန့်ရနိုင်မယ့် အသွင်ပြောင်းလျှပ်စစ်ကား လေး ဖြစ်လာပါတယ်။ အခုကားက လျှပ်စစ် စွမ်းအင်သုံး တစ်စီးဖြစ်သွားရုံတင်မကပဲ ကာဗွန်ဖိုက်ဘာ ကိုယ်ထည်အပြင် Widebody Package ကိုပါ ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒ့ါအပြင် Mexico Blue ဆိုတဲ့အပြာရောင် ကားလေးအနေနဲ့ လိုက်ဖက်မယ့် 62 kWh ဘက်ထရီကို ထည့်ပေးထားကာ Bespoke Batterymanagement စနစ်ကိုလည်း ထည့်သုံးပေးထား ပါတယ်။ ကုမ္ပဏီ ရဲ့ အချက်အလက်တွေ အရ တော့ အဆိုပါ လျှပ်စစ်ကားလေးက တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်ဖို့ကို ၄ စက္ကန့် အောက်ပဲ အချိန်ယူရလိမ့်မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ကားရဲ့ Range အပိုင်းကတော့ တစ်ခါအားသွင်းထားရင် တစ်နာရီမိုင် ၂၀၀ ကျော်အထိကို မောင်းနိုင်မယ်လို့သိရပါတယ်။ သာမန် AC အားသွင်းစနစ်နဲ့ရော DC အမြန်အားသွင်းစနစ်နဲ့ပါ ရရှိနိုင်မှာဖြစ်ကာအမြင့်ဆုံး ဘယ်လောက် မြန်နှုန်းအထိ အားသွင်းနိုင်မလဲ ဆိုတာကတော့ မသိရသေးပါဘူး။ ဒါပေမယ့် အခုကားကတော့ မူလ 964 ကားရဲ့ အင်ဂျင်နဲ့ စွမ်းဆောင်ရည်ထက် အများကြီး သာလွန်လာမယ့် ကားကောင်း တစ်စီး သေချာပေါက် ဖြစ်လာ လိမ့်မယ်လို့ ကုမ္ပဏီက ဆိုထားပါသေးတယ်။

Photo Credit: motor 1.com

ကားအတွက် လျှပ်စစ်စွမ်းဆောင်ရည်ပိုင်း ဖန်တီး ထုတ်လုပ်မှုတစ်ပိုင်းလုံးကို Everrati ရဲ့ လုပ်ငန်းမှာတင် အပြီးအစီး ဖန်တီးခဲ့တာဖြစ်ပြီး အမေရိကရဲ့ သီးသန့် Partner ဖြစ်သူ Aria Group ကလည်း ပူးပေါင်း ပါဝင်ထားပါတယ်။ လက်ရှိ မှာတော့ အခုအသွင်ပြောင်းလျှပ်စစ်ကားလေးကို အမေရိက နဲ့ ကနေဒါ ဈေးကွက်သီးသန့်ပဲ ရောင်းချဦးမှာ ဖြစ်ပါတယ်။ ယခင်ကလည်း အလားတူ Porsche 911 (964) Coupe ၊ Targa နဲ့ Cabriolet ကားတွေကို လျှပ်စစ် ကားတွေအဖြစ် အသွင်ပြောင်းပြခဲ့ ဖူးပြီး Range Rover Classic ၊ Land Rover Defender ၊ Mercedes-Benz W 113 SL Pagoda ၊ Ford GT40 နဲ့ အခြားသော ကားအစုံကိုလည်း ဖန်တီးပေးခဲ့ဖူးပါသေးတယ်။ Everrati ရဲ့ CEO ဖြစ်သူ Justin Lunny ကတော့ အခုကားလေးကို ဖန်တီးနိုင်ခဲ့တာ တကယ်ကို အားရစရာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး အခုဆိုရင်တော့ နောက် ဆုံးအဆင့် စမ်းသပ်ကာ မှာယူထားသူတွေထံ ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပဲ မြောက်အမေရိက အပါအဝင် ၊ အခြားသော ကမ္ဘာ့ဈေးကွက်အသီးသီး အထိကိုလည်း ရောက်ရှိ ပို့ဆောင်လာ နိုင်တော့မှာဖြစ်တာကြောင့် ကုမ္ပဏီရဲ့ အင်အားကြီးလာမှုကို သက်သေပြရာ ရောက်တယ်လို့လည်း CEO က ဆိုထား သေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com