ယခင်တုန်းက Volvo ကုမ္ပဏီ ကြီးရဲ့ Brand အခွဲအနေနဲ့ ရပ်တည်ခဲ့တဲ့ Polestar ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ကတည်းက သီးသန့် ကားကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်လာနိုင်တာ ဖြစ်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်အောင် လျှောက်လှမ်းလာနေတဲ့ Polestar ကုမ္ပဏီကတော့ အခုဆိုရင် လာမယ့် ၂၀၂၆ အရောက်မှာ သူတို့အတွက် ၆ စီးမြောက် ကားသစ် Electric Roadster ကားကို ထုတ် လုပ်လာတော့မယ်လို့ အတည်ပြု ပေးလိုက်ပါပြီ။ Polestar 6 လို့ အမည် ရမယ့် အဆိုပါ ကားကိုတော့ ပြီးခဲ့တဲ့ မတ်လ ကမှ ချပြထားခဲ့တဲ့ O2 Concept Car အပေါ် အခြေခံကာ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ကားကို မထုတ်လုပ်ရသေး ပေမယ့်လည်း စိတ်ဝင်စားလွန်းလို့ ဦးဦးဖျားဖျား ဝယ်ယူချင်သူတွေအဖို့ အခုကတည်းကကိုပဲ စတင် စာရင်းပေးမှာယူထားနိုင်ပြီ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကြိုတင်မှာယူထား သူတွေအဖို့ ကားရဲ့ ပုံစံကို မျက်စိထဲ သေချာ မြင်ယောင်စေနိုင်ဖို့အတွက် ရည်ရွယ်ပြီး O2 Concept နဲ့ ခပ်ဆင်ဆင်တူတဲ့ Polestar 6 LA Concept အထူးထုတ် ကားတစ်မျိုးကို စတင် ပြသလာပါတယ်။ သီးသန့် နံပါတ်တွေနဲ့ အစီးရေ ၅၀၀ ကိုပဲ ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ အဆိုပါ Concept ကား အတွက်တော့ အပြာရောင် အလှ အပ အရောင်လေးရယ် ၊ အတွင်းခန်း Trim အရောင်တူတွေရယ်နဲ့ ၂၁ လက်မ အရွယ်ဘီးတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ Polestar ရဲ့ CEO ဖြစ်သူ Thomas Ingenlath ကတော့ အခုကားနဲ့ ပတ်သက်တဲ့ ကြေညာချက် ထဲမှာ ပရိသတ်တွေနဲ့ အားပေးကြမ်းမှုတွေနဲ့ စိတ်ဝင်စားမှု တွေ မြင့်တက်နေတာကြောင့် အခု Roadster ကားသစ်ကို လက်တွေ့မှာ အလျှင်အမြန် ထုတ်လုပ်လာနိုင်ဖို့ အတော်လေး စိတ်လှုပ်ရှားနေရပြီလို့ ဆိုထားပါတယ်။

Photo Credit: MotorAuthority

ထွက်ပေါ်လာမယ့် ရက်အတော်လေး လိုနေသေးတယ် ဆိုပေမယ့်လည်း Polestar 6 ကားသစ်ရဲ့ အချက်အလက် တစ်ချို့ ကတော့ ပေါ်ထွက်လာနေခဲ့ပါပြီ။ ကားမှာ အဖွင့်အပိတ် လုပ်နိုင်မယ့် အမိုးအမာသားကို Concept တုန်းက အတိုင်း ထည့်ပေးထားနိုင်ပြီး Polestar ရဲ့ ကိုယ်ပိုင် Aluminum Platform ကိုမှ အတို Version နဲ့ ဖန်တီးထားမယ်လို့ သိရပါတယ်။ အဆိုပါ Platform ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ကတည်းက Polestar 5 Mid-Size Hatchback ကားမှာ စတင် အသုံး ပြုခဲ့တာပါ။ အခု ကားသစ်မှာတော့ လျှပ်စစ် မော်တာ ၂ လုံး ၊ All-Wheel Drive စနစ်တွေ ပါဝင်လာနိုင်တာ ကြောင့် စွမ်းဆောင်ရည် ကလည်း 884 hp နဲ့ 663 lb-ft Torque အထိ ရှိလာနိုင်ကာ တစ်နာရီ ၆၂ မိုင်နှုန်း မောင်းနိုင်ဖို့ ဆိုရင်လည်း ၃.၂ စက္ကန့် လောက်အတွင်း ဖြစ်လာနိုင်ဖို့ ရှိပါတယ်။ အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီကို ၁၅၅ မိုင် အထိ ရှိနိုင်မယ့် အဆိုပါ ကားဟာဆိုရင် 800 V လျှပ်စစ် စနစ်နဲ့အတူ kw များများနဲ့ မြန်မြန် အားသွင်းနိုင်မယ့် စနစ်လည်း ပါလာနိုင်ပါ‌ သေးတယ်။ လက်ရှိမှာတော့ Polestar Lineup ထဲမှာ Flagship Coupe တစ်စီးဖြစ်တဲ့ Polestar 1 နဲ့ Compact Hatch ကားတစ်မျိုးဖြစ်တဲ့ Polestar 2 ကားတို့ ရှိထားပြီးပါပြီ။ လာမယ့်အောက်တိုဘာ လမှာတော့ Mid-Size SUV တစ်စီးဖြစ်တဲ့ Polestar 3 ကား ပွဲထွက်လာမှာ ဖြစ်ကာ လာမယ့် ၂၀၂၃ အရောက်မှာ တော့ Polestar 4 Crossover နဲ့ ၂၀၂၄ မှာတော့ Polestar 5 Hatch ကား တို့ဆက်တိုက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အခု လို ပုံမှန်ထုတ်လုပ် သွားမယ့် ကားမော်ဒယ်တွေအပြင် လာမယ့် ၂၀၃၀ အရောက်မှာတော့ Polestar အနေနဲ့ ရာသီဥတု သဘာဝ ပတ်ဝန်းကျင်တို့နဲ့ လုံးဝ လိုက်ဖက် အညီဆုံး Climate-Neutral ဆိုတဲ့ ပထမဆုံး ကားတစ်စီးကို ဖန်တီးသွားဖို့ ရှိနေသေးတာလည်းဖြစ်ပါတယ်။

Ref: MotorAuthority