၂၀၁၇ ခုနှစ် တုန်းကမှ Volvo ဆီကနေ ခွဲထွက်လာခဲ့ပြီး နောက်ပိုင်းမှာ ဒီဇိုင်းပိုင်းရော စွမ်းဆောင်ရည် ပိုင်းတွေမှာပါ သိသိသာသာ အောင်မြင်လာတာကတော့ Polestar ပဲ ဖြစ်ပါတယ်။ Polestar 1 မှာကတည်း က စိတ်လှုပ်ရှားစရာ Hybrid ကားတစ်စီးအဖြစ် မြင်ခဲ့ရကာ Polestar 2 အရောက်မှာတော့ အလန်းစား လျှပ်စစ်ကားတစ်စီး အဖြစ် ရောက်လာ ခဲ့တော့တာပါပဲ။ အခု ဆိုရင်တော့ ဥရောပရဲ့ မူပိုင်ခွင့်ရုံးဆီက ပေါက် ကြားလာတဲ့ အချက်အလက်တွေ အရတော့ အသစ်လာမယ့် Polestar 5 ကားရဲ့ ပုံရိပ်ကြမ်းတစ်ချို့ကိုပါ သိရှိလာရပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၄ လောက်မှာ ထွက်လာမယ့် အဆိုပါ ကားပုံကြမ်းတွေကိုတော့ Polestar ကိုယ်တိုင်က ဖန်တီးထားတာဖြစ်ပြီး ခပ်ပါးပါး အသွင်နဲ့ စွမ်းဆောင်ရည်မြင့် Sedan ကားတစ်စီး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ မနှစ်က ကတည်းက ကြိုတင်ကာ အနည်းငယ် ပြသနေခဲ့တဲ့ Polestar 5 ကတော့ Precept Concept အနေနဲ့ စတင် မြင်နေခဲ့ရတာပါ။ အခုမြင်ရတဲ့ ဒီဇိုင်းပုံကြမ်းကလည်း Concept ထဲကအတိုင်း တူညီခဲ့ပြီး ကိုယ်ထည် ပိုင်းတွေနဲ့ အချိုးအစားတွေက အတော် ဆင်တူပါတယ်။ ဒါပေမယ့် လည်း Concept တွေဆိုတာကတော့ လုံခြုံရေးပိုင်းနဲ့တည်ဆောက်ပုံတွေ အများကြီး ထည့်စဉ်းစားစရာ မလိုပဲ ဒီဇိုင်းပိုင်း အဓိကထားတာသာ ဖြစ်တာကြောင့် တကယ်တမ်း Polestar 5 ထွက်လာရင်တော့ အနောက်ဘက် ပြောင်းပြန်လှန်ဖွင့် ရတဲ့ တံခါး အဖုံးမပါလာ နိုင်တော့ပဲ Third Brake မီးတွေ ပါဝင်လာနိုင် ပါတယ်။ Photo Credit: CARBUZZ

ကားကလည်း ထွက်ဖို့ရာ ၂ နှစ် လောက် လိုသေးတဲ့ အတွက်ကြောင့် လက်ရှိမှာ ကားရဲ့ စက်ပိုင်းဆိုင်ရာ၊ Range နဲ့ စွမ်းဆောင်ရည်‌ပိုင်းတွေ မသိနိုင်သေးတာကတော့ သိပ်ပြီး အံ့အားသင့်စရာ မလိုသေးပဲ ‌အေးဆေး စောင့်ကြည့်ရဦးမှာ ပါ။ သူ့ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်ကြမယ့် Tesla Model S နဲ့ Porsche Taycan တို့ကတော့ လက်ရှိ စွမ်းဆောင်ရည်ပိုင်းမှာ ထိပ်ဆုံးရောက်နေကြတာ ဖြစ်လို့ Polestar 5 ကလည်း တကယ် ထွက်လာပြီ ဆိုရင် ပိုကောင်းဖို့ တော့ သေချာပေါက် လိုအပ်နေတာပါ။ ဒီဇိုင်းပိုင်းမှာ လောလောဆယ် မြင် ထားရသလောက်တော့ Panoramic Sunroof ကို သုံးပေးလာဖို့ဖြစ်လာနိုင်ပြီး အရှေ့နဲ့ အနောက်တို့က Fascia Design တွေက အတူတူနီးပါး ဖြစ်လာ နိုင်ပါတယ်။ သူတို့ နှစ်ခုအကြား အဓိက မတူတာကတော့ အရှေ့အနောက် ကားရဲ့အမြင့် တွေပဲ ဖြစ်ပါတယ်။ Precept Concept စထွက်ခဲ့ကတည်းကိုက ရေရှည် အတွက် အဆင်ပြေမယ့်ဒီဇိုင်းတွေကို သေချာတွေးတောစီစဉ်ထားတယ်လို့ သိထားရပြီး အထူးသဖြင့် စွန့်ပစ် PET ပုလင်းခွံတွေ ကနေ ပြန်လည်သုံးစွဲထားတဲ့အပိုင်းတွေ ၊ ငါးပိုက်ခွံတွေကနေ  ပြန်လည် ဖန်တီးထားတာ တွေအပြင် Recycle ပြန်လုပ်ထားတဲ့ Cork Vinyl တွေကိုလည်း ကားရဲ့ အတွင်း အပြင်တွေမှာ တွေ့ရနိုင် ပါတယ်။

Photo Credit: CARBUZZ

ကားသစ်ကိုတော့ တရုတ်နိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီရဲ့ စက်ရုံအသစ်ကြီးမှာ စတင် ထုတ်လုပ်လာနိုင်ပြီး အဆိုပါ စက်ရုံ ကြီးကလည်း တရုတ်မှာရှိတဲ့ Polestar ရဲ့ ဒုတိယ အကြီးဆုံး ဖြစ်နိုင်ကာ ကာဗွန်လုံးဝထုတ်လုပ်မှု မရှိမယ့် စက်ရုံလည်း ဖြစ်နိုင်ပါတယ်။ Polestar 2 တုန်းကလည်း တရုတ်ရဲ့ Luqiao မှာရှိတဲ့ Volvo စက်ရုံ မှာထုတ်လုပ်ခဲ့ပြီး အဆိုပါ စက်ရုံမှာပဲ XC 40 ကိုပါ တည်ဆောက် ထုတ်လုပ်ခဲ့တာပါ။ Polestar 1 တုန်းက တော့ တရုတ်မှာ ရှိတဲ့ Polestar ရဲ့ Chengdu ဒေသ စက်ရုံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ Polestar 5 ပုံရိပ်‌ကြမ်းတစ်ချို့ မြင်လာရလို့ သာခန့်မှန်း နေကြပေမယ့် အဆိုပါ ကားသစ် မတိုင်ခင် နောက် ထပ် ကားသစ် ၂ မျိုးကို ကုမ္ပဏီဘက်က အရင်ဆုံး ချပြလာဖို့ ရှိနေပါတယ်။ အဆိုပါ ကားနှစ်စီးကတော့ ဒီနှစ်ထဲ ထွက်လာမယ့် အဆင့်မြင့် စွမ်းဆောင်ရည် အသားပေး Polestar 3 SUV နဲ့ လာမယ့် ၂၀၂၃ မှာ ထွက်လာမယ့် Polestar 4 ကားတွေပဲ ဖြစ်ပါတယ်။

Ref: carbuzz.com