Polestar ရဲ့ နောက်ထပ် အသစ် ထွက်လာမယ့် ကားမော်ဒယ်ကတော့ အရွယ်အစား အလယ်အလတ် ရှိမယ့် SUV သစ် တစ်စီး ဖြစ်ပြီး Volvo XC 90 ရဲ့ မျိုးဆက်သစ်နဲ့လည်း ပူးတွဲ ထွက်ပေါ်လာမယ့် ကားဖြစ်ပါတယ်။ အဓိက ကတော့ Porsche Cayenne နဲ့ အဓိက ပြိုင်ဆိုင်လာနိုင်တဲ့ ကားတစ်စီးအဖြစ် မြင်လို့ ရနိုင်ပါတယ်။ ကားရဲ့ မော်ဒယ်အသစ် ကိုတော့  Polestar 3 လို့ သတ်မှတ်ထားပြီး လာမယ့် အောက်တိုဘာ လအထိ မထွက်လာနိုင် သေးပေမယ့် Polestar ရဲ့ CEO Thomas Ingenlath ကတော့ ဈေးနှုန်းတွေကိုပါ ချပြလာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ချက်နိုင်ငံ ၊ Prague မြို့မှာ ပြုလုပ်ခဲ့တဲ့ Automotive News ဥရောပ ညီလာခံမှာ Ingenlath က Polestar 3 ရဲ့ ကားဈေးနှုန်းဟာ ယူရို ၇၅,၀၀၀ ( ဒေါ်လာ ၇၆,၃၀၀ ဝန်းကျင်) လောက်ကနေ စတင်လာနိုင်ပြီး အမြင့်ဆုံး အနေနဲ့ ဆိုရင်တော့ ယူရို ၁၁၀,၀၀၀ လောက် အထိ ဖြစ်လာနိုင်တယ်လို့ အတည်ပြုသွား ခဲ့ပါတယ်။

Photo Credit: MotorAuthority

ဥရောပအတွက် အဓိက ပြောသွားတယ် ဆိုပေမယ့် အမေရိက ဈေးကွက်မှာ ဆိုရင်လည်း အဆိုပါ ‌ဈေးအတိုင်းပဲ ဖြစ်လာနိုင်ကာ အဓိက ကတော့ လောလော ဆယ် ငွေကြေးပေါက်ဈေးက ဒေါ်လာ နဲ့ ယူရို တူ‌လာနေလို့ ပါပဲ။ အမှာစာ တွေကို အောက်တိုဘာ လ ကား စတင်ထွက်လာတဲ့ အခါကစလို့ စတင်မှာယူနိုင် တော့မှာ ဖြစ်ပါတယ်။ ကားသစ် ထုတ်လုပ်မှုတွေကို လာမယ့် ဇူလိုင် ၂၀၂၁ အစောပိုင်း လောက်ကနေ စတင်လာနိုင်ပြီး ဒီရက်တွေကို ကြည့်ရမယ် ဆိုရင်တော့ ကားသစ်က ၂၀၂၃ မော်ဒယ် ဖြစ်လာဖို့ များနေပါပြီ။ ကား ထုတ်လုပ်မှုတွေကိုတော့ ကယ်ရိုလိုင်းနား တောင်ပိုင်း၊ Charleston မှာ ရှိတဲ့ Volvo ရဲ့ စက်ရုံမှာ စတင်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံကတော့ လက်ရှိမှာ Volvo S60 ကို ထုတ်လုပ်နေပြီး XC 90 မျိုးဆက်သစ် ကိုလည်း ထုတ်လုပ်မှာ ဖြစ်ကာ အဆိုပါ ကားကိုပဲ တရုတ်ဈေးကွက်အတွက် ဆိုရင် တရုတ်မှာ ထုတ်လုပ် ပေးသွားဦးမှာပါ။

Photo Credit: MotorAuthority

အဆိုပါ Polestar 3 နဲ့ XC 90 မျိုးဆက်သစ် ကားတွေကို Volvo ရဲ့ SPA 2 Platform Version အပေါ် အခြေခံဖန်တီး လာနိုင်ပြီး အဆိုပါ Platform ကတော့ လျှပ်စစ် ကားတွေ အတွက် အဓိက ဖန်တီးထားပေမယ့် Hybrid မော်ဒယ်တွေ အတွက်လည်း သုံးလို့ရမှာ ဖြစ်ပါတယ်။ Polestar ကတော့ သူတို့ရဲ့ ရောင်းအား တွေကို လာမယ့် ၂၀၂၃ မှာတင် အစီးရေ ၂၄,၀၀၀ အထိ ရောင်းချရဖို့ ခန့်မှန်းထားပြီး လာမယ့် ၂၀၂၄ မှာတော့ ၆၇,၀၀၀ နဲ့ ၂၀၂၅ အရောက်မှာ ၇၇,၀၀၀ အထိကို ရောင်းချနိုင်ဖို့ အထိ ခန့်မှန်းထားတာပါ။ အခု Polestar 3 နောက်ပိုင်းမှာတော့ လာမယ့် ၂၀၂၄ အရောက် မှာ Polestar 4 ဆိုတဲ့ နာမည်နဲ့ ပိုသေးတဲ့ Crossover တစ်စီး ၊ ၂၀၂၅ အရောက်မှာတော့ Polestar 5 ဖြစ်လာမယ့် Fastback Sedan ကားတို့ကို ဆက်တိုက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကုမ္ပဏီရဲ့ ငွေကြေး အခြေအနေ သာ ကောင်းမယ်ဆိုရင် Roadster အမျိုးအစားကိုလည်း ကားသစ်တစ်စီး အနေနဲ့ ထုတ်လုပ်ပေးလာနိုင်ပြီး လောလောဆယ်မှာ တော့ အဆိုပါ ကားသစ် ဖြစ်လာနိုင်မယ်လို့ ယူဆရတဲ့ O2 Concept အသစ်ကိုလည်း ချပြထား ခဲ့ပြီး ဖြစ်ပါတယ်။

Ref: MotorAuthority