Polestar လျှပ်စစ် ကားကုမ္ပဏီ ကတော့ ၎င်းတို့ရဲ့ ပထမဆုံးသော လျှပ်စစ် SUV ကား Polestar 3 ကို စတင် မိတ်ဆက် လိုက်ပါပြီ။ အမေရိကမှာ စတင်ထုတ်လုပ်မယ့် ပထမဆုံး Polestar ကားလည်း ဖြစ်လာသလို လာမယ့် ၂၀၂၃ ရဲ့ စတုတ္ထ ၃ လပတ် ကာလလောက်မှာ အမှာစာတွေ စတင်ရောက်လာ နိုင်ပါတယ်။ အမေရိက ဈေးကွက် အတွင်း ထုတ်လုပ်မှု‌ကိုတော့ လာမယ့် ၂၀၂၄ နှစ်လယ် လောက်မှာ စတင်နိုင်ပြီး ဈေးနှုန်းက တော့ $ 85,300 ဝန်းကျင် ကနေ စတင်မယ်လို့ သိရပါတယ်။ အခု Polestar 3 ကားသစ်ကတော့ လာမယ့် နိုဝင်ဘာလမှာ ပွဲထွက်လာမယ့် EX 90 အမည်ရ Volvo XC 90 Successor ကားသစ်နဲ့ အမွှာပူးတွဲ ကား အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Volvo က ၃ တန်း ထိုင်ခုံနဲ့ဖြစ်ပြီး Polestar 3 ကတော့ ၂ ယောက် တန်းကိုမှ ၅ ယောက်စီး ကားဖြစ်ပါတယ်။ ကားသစ်ရဲ့ ဒီဇိုင်းမှာတော့ အမိုးကို ဆင်ခြေလျှောလေး လုပ် ပေးထားတာကြောင့် Fastback ဆန်ဆန် အရသာကို ခံစားရပြီး Volvo နဲ့ ကွဲထွက်လာ စေပါတယ်။

Photo Credit: MotorAuthority

Polestar 1 နဲ့ 2 တုန်းကလို မဟုတ်ပဲ အခု 3 ကားသစ်က Polestar ရဲ့ သီးသန့် ဒီဇိုင်းဖြစ်လာခဲ့ကာ ၂၀၂၀ တုန်းက Precept Concept ကားအနေနဲ့ မြင်ခဲ့ရတာနဲ့လည်း နီးစပ်ပြန်တာ ဖြစ်ပါတယ်။ ကားဒီဇိုင်းကတော့ ကြည့်လိုက်တာ နဲ့တင် ခပ်ကျယ်ကျယ် တောင့်တောင့်တင်းတင်းဆိုတဲ့ အသွင်မျိုးကိုပေးနိုင်ပြီး ရှေ့မီးကြီးတွေကိုလည်း Thor ရဲ့ Hammar Motif Design ကိုယူပြီး ခွဲထုတ် ဖန်တီးထားကာ Daytime Running Lights တွေကိုလည်းအချိုး ကျကျ ပေါင်းစပ် ပေးထားပါတယ်။ အတွင်းခန်းမှာတော့ Polestar ကားတွေမှာ မြင်နေကျ ရှင်းလင်းနေတဲ့ Dashboard နဲ့ ၁၄.၅ လက်မအရွယ် Screen အကြီးကြီး တစ်ရပ်ကို မြင်ရမှာ ပါ။ ဒါ့အပြင် Instrument Cluster အတွက် Screen အသေးတစ်ခု ၊ Cabin ပိုင်းအတွက် သတ္တုအမျိုးအစား ကောင်းကောင်း‌တွေနဲ့အတူ ပြင်ဆင်ပေးထားပြီး အမိုး အပြည့် တပ်ဆင်ထားတဲ့ Panoramic Glass ကလည်း အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းနေပါတယ်။

 

ကားသစ် မှာတော့ လျှပ်စစ်မော်တာ ၂ လုံးသုံးထားပြီး 489 hp နဲ့ 620 lb-ft Torque တို့ အထိရှိကာ $ 6,000 တန် Performance Package ထပ်ဝယ်မယ် ဆိုရင်တော့ 517 hp နဲ့ 671 lb-ft Torque အထိ ရှိလာမှာ ပါ။ 0-60 mph မြန်နှုန်းအတွက် ၄.၉ စက္ကန့်ပဲ ပုံမှန်ကြာသလို Performance Package နဲ့ ဆိုရင်တော့ ၄.၆ စက္ကန့် ပဲကြာပါလိမ့်မယ်။ အမြင့်ဆုံး မြန်နှုန်းကတော့ ၂ မျိုးလုံးအတွက် 130 mph ပဲ ဖြစ်ပါတယ်။ ကားရဲ့ ဘက်ထရီကိုလည်း 111 kWh ပမာဏအထိ သုံးပေးထားတာကြောင့် EPA စံနှုန်းအရ ဆိုရင်တစ်ခါအားသွင်းတာနဲ့ မိုင် ၃၀၀ အထိ မောင်းနိုင်ပါလိမ့်မယ်။ စွမ်းအင် ချွေတာချင်ရင် အနောက်မော်တာ ‌ပိတ်ထားလို့ရပြီး အတွင်းခန်း နွေးနေစေမယ့် Mechanical Heat Pump ကိုလည်း ထည့်ပေးထားပါတယ်။ အခုကားမှာ အပြန်အလှန် အားသွင်းပေးနိုင်တဲ့ Bi-Directional Charging စနစ် ပါလာသေးတာကြောင့် အိမ်ရဲ့ လျှပ်စစ်မီး အတွက်ပါ အပြန်အလှန် ချိတ်ဆက်သုံးလို့ ရဦးမှာပါ။ အခု ကားသစ်တွေမှာ Plus Pack နဲ့ Pilot Pack ဆိုပြီး ခွဲခြားပေးထားပါသေးတယ်။ အဆိုပါ Pack တွေမှာ Bowers & Wilkins ရဲ့ စပီကာ ၂၅ လုံးပါ 3D Surround Sound အသံ စနစ် ရနိုင်ပြီး Dolby Atmos စနစ်လည်း ရနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် စနစ်သစ်တွေအနေနဲ့ Soft-Close Door တံခါးတွေ ၊ Heated စတီယာတိုင် ၊ Head-Up Display ၊ Parking Assist နဲ့ Driver-Assist Feature တွေ စုံစုံလင်လင် ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Pilot Pack မှာတော့ အဝေးပြေး လမ်းမတစ်ချို့မှာ မောင်းသူမဲ့အထိပါ ရနိုင်မယ့် Lidar Sensors တွေပါ ပါဝင်လာမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ အဆိုပါကားပြီးရင်တော့ လာမယ့် ၂၀၂၄ အရောက်မှာ Polestar 4 ဆက်ပြီး ထွက်လာမှာဖြစ်ကာ ၂၀၂၅ မှာ Polestar 5 နဲ့ ၂၀၂၆ မှာ Polestar 6 တို့ ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority