စက်ဘီးတွေ စတင် ပေါ်ပေါက်လာခဲ့တဲ့ အချိန်ကစလို့ အခုထိ ကာလတွေထဲမှာ အခုချိန်ဟာ လျှပ်စစ်စက်ဘီးတွေ ခေတ်အစားဆုံး ဖြစ်လာတဲ့ အချိန်လို့ မှတ်ယူလို့ ရပါတယ်။ သေချာတာကတော့ နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိလာပြီ ဖြစ်တဲ့ စက်ဘီး လောကအဖို့တော့ ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းနေမှာ သေချာပါတယ်။ ဒါပေမယ့် အခု ပြောပြပေးမယ့် စက်ပစ္စည်း လေးကတော့ သာမန် စက်ဘီးတွေအတွက်ကို အကြီး အကျယ် ပြောင်းလဲသွားစေမယ့် ထူးထူးဆန်းဆန်း နည်းပညာနဲ့ ပစ္စည်း လေးပဲ ဖြစ်ပါတယ်။ လက်တွေ့ ဈေးကွက်ထဲမှာ တစ်ချို့သော နည်းပညာမြင့် e-Bike တွေဆိုရင် ကားတစ်စီးထက်တောင်မှ ဈေးပိုများနေတဲ့ အခြေအနေတွေရှိနေတာလည်း တွေ့ရမှာပါ။ ဒါပေမယ့် အဓိက ကတော့ စက်ဘီးကို ရိုးရိုးရှင်းရှင်းလေး ကုန်ကျစရိတ် သက်သက်သာသာနဲ့ပဲ စီးချင်တယ်ဆိုသူတွေ အတွက် ကတော့ ဒီပစ္စည်းလေးက အဖြေဖြစ် လာနိုင်ပါတယ်။ အခု ပစ္စည်းလေးကိုတော့ PikaBoost e-Bike Conversion လို့ အမည်ပေးထားပြီး Livall က ဖန်တီးထုတ်လုပ်ပေးထားကာ ၂၉၉ ဒေါ်လာကနေ ၅၉၉ အတွင်းမှာပဲ ကျသင့်တာ ကြောင့် ဘယ်လို စက်ဘီး အဟောင်းလေးပဲဖြစ်ဖြစ် အသစ်လေးပဲဖြစ်ဖြစ် အလွယ်တကူ လျှပ်စစ်စက်ဘီး အဖြစ် ပြောင်းနိုင်တော့မှာပါ။

Photo Credit: InsideEvs

အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Livall ကတော့ အခုပစ္စည်းလေးကို စက်ဘီးတွေအတွက် စစ်မှန်ပြီး ရိုးရှင်းတဲ့ လျှပ်စစ်စက်ဘီးတွေ ဖြစ်သွားအောင် ပြောင်းပေးဖို့ ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်း တကယ် သက်သာတဲ့ စက်လေး ဖြစ်ပေမယ့်လည်း တကယ့် လက်တွေ့ဘဝထဲက လိုအပ်ချက်တွေအတွက် အဆင်ပြေအောင် စီစဉ်ပေးထားပါသေးတယ်။ ဥပမာ ကိုယ်တိုင်က တောင်တက် တောင်ဆင်းလမ်းတွေ ပါတဲ့ လမ်းခရီးရှည် တစ်ခုကို စက်ဘီးနဲ့ပဲ နွှဲရတော့မယ် ဆိုရင်တောင် အခုစက်လေး စက်ဘီးမှာ တပ်ထားလိုက်တာနဲ့တင် လျှပ်စစ်စွမ်းအင်နဲ့ မြေပြင် ပေါ်မှာ ‌နင်းရသလိုပေါ့ပေါ့ပါးပါး ဖြစ်နေစေမှာပါ။ စက်လေးက တော့ တစ်ခါအားသွင်းထားရင် ၁၉ မိုင် အထိ သွားနိုင်ပြီး စက်ရဲ့ အလေးချိန်ကလည်း ၃ ကီလိုပဲရှိတာကြောင့် အသုံးမလိုရင်ဖြုတ်ပြီး အိတ်ထဲ ဆောင်သွားလို့ တောင်ရပါသေးတယ်။ အားတစ်ခါသွင်းဖို့တော့ ၃ နာရီ လောက် အချိန်ယူရပြီး အဆိုပါ စက်လေးကနေ တောင်လိုအပ်ရင် ဖုန်းပြန်အားသွင်းနိုင်အောင် USB အပေါက်ပါသေးတာ ဖြစ်ပါတယ်။ အဆိုပါ မော်တာလေးတပ်ပြီး တာနဲ့ သာမန်စက်ဘီးကနေ e-Bike လေး ဖြစ် သွားတဲ့အပြင် Hold ၊ Roll နဲ့ Sport ဆိုတဲ့ Drive Mode ၃ မျိုးကိုတောင် စိတ်ကြိုက် ပြောင်းနိုင်ဦးမှာပါ။

Photo Credit: InsideEvs

သေချာတာကတော့ ဘတ်ဂျတ် ချွေတာချင်သူတွေအဖို့ တကယ်အလုပ်ဖြစ်မယ့် စက်ပစ္စည်းလေး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါကကြားခံအနေနဲ့ ထိုက်သင့်သလောက် ပြောင်းပေးထားတာသာ ဖြစ်တာကြောင့် တကယ့်မော်တာ တွေနဲ့ လျှပ်စစ်စက်ဘီးတွေ လောက်တော့ သူတင်ကိုယ်တင် စွမ်းဆောင်နိုင်ဖို့ မ‌မျှော်လင့်သင့်တာ အမှန်ပါပဲ။ အခု ပစ္စည်းလေးကို သုံးမယ်ဆိုရင် စက်ဘီးတိုင်းအတွက် အဆင်ပြေတယ် ဆိုပေမယ့် စက်ဘီးရဲ့ နောက်ဘီးနဲ့ အချိုးအစား ကိုက်မကိုက်ကိုတော့ ကြည့်ရဦးမှာပါ။ ဒါ့အပြင် တကယ်လို့ Full-Suspension စက်ဘီးဖြစ်နေတယ် ဆိုရင် တော့လည်းသုံးလို့ မရနိုင်ပဲ အခု ပစ္စည်းလေးကတော့ အနောက်ဘီး အသေနဲ့ နင်းရတဲ့ ဘီးမျိုးမှာပဲ အလုပ်လုပ်တာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်း အမြင့်တွေနဲ့ လျှပ်စစ်စက်ဘီး အစစ်တွေကို မလှမ်းနိုင်သေးပဲ ရှိပြီးသား စက်ဘီးလေးကို ဈေးသက်သက်သာသာနဲ့ ပြောင်းချင် တဲ့ သူတွေအဖို့တော့ အခု ဘီးလေးက တကယ်ကို ရွေးချယ်စရာ ကောင်းတစ်ရပ် ဖြစ်လာတော့မှာ သေချာပါတယ်။

Ref: InsideEvs