Classic ရှေးဟောင်း ကားတွေကို ခေတ်နဲ့အညီ ပြန်လည် ပြုပြင်မွမ်းမံ ဆန်းသစ်ပေးတဲ့ အပိုင်းမှာတော့ အမေရိကန် နိုင်ငံ ၊ Los Angeles အခြေစိုက် Icon ကုမ္ပဏီက အတော်လေး နာမည်ရပါတယ်။ ခေတ်နဲ့ညီ အောင် ပြင်ဆင် ပေးရုံတင် မဟုတ်ပဲ အချို့သော ကားတွေကို ဆိုရင် Patina ပုံစံနဲ့ Derelict လို့ ခေါ်ဆိုနိုင်တဲ့ မူလကားကိုယ်ထည် အရသာအတိုင်း ရအောင် ပြန်လည် ထိန်းသိမ်းပေးတာမျိုးလည်းရှိပြီး အခုဆိုရင် တော့ အဆိုပါ ၁၉၇၁ ခုနှစ် ထုတ် Mercedes-Benz 300SEL ကားကြီးကို ရှေးမူမပျက်တဲ့ အရသာနဲ့ ထိန်းသိမ်းပေးထား လိုက်ပါပြီ။ ငွေရောင် အဆင်းနဲ့ လှပနေပြီး အတွင်းခန်းမှာတော့ ခေတ်မှီ နည်းပညာတွေကိုပါ ပေါင်းစပ် ပေးထားတာကြောင့် အတော် ဆန်းသစ်နေမယ့် အခု Classic ကားကြီးကိုတော့ လာမယ့် 2022 SEMA ကားပြပွဲကြီးမှာ အများပြည်သူထံ ချပြဖို့ စီစဉ်နေပါတယ်။ Icon အနေနဲ့ ကားရဲ့ မူလကိုယ်ထည်ကို လုံးဝ မထိခိုက်စေပေမယ့် ချိန်ညှိလို့ရပြီး Four-Wheel Coilovers တွေပါဝင်တဲ့ Art Morrison Chassis ကိုတော့ ထပ်ထည့်ပေးထားပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာလည်း Independent Rear Suspension စနစ်ကို ပြောင်းလဲသုံးစွဲပေးထားပြီး ခေတ်ပေါ် Brembo Hardware တွေ ၊ Power Assist တွေနဲ့ ကောင်းကောင်း ပေါင်းစပ်ပေးထားသလို Icon ရဲ့ မူလကိုယ်ပိုင် လက်ရာ Power စတီယာတိုင် ကိုလည်း အခုကားနဲ့ လိုက်ဖက်အောင် ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။

Photo Credit: MotorAuthority

ကားရဲ့ မူလအင်ဂျင်အစားတော့ GM ရဲ့ LS9 V8 Engine ကြီး နဲ့ အစားထိုးပေးထားပြီး Supercharged 6.2 Liter V8 ဖြစ်တာကြောင့် 638 hp နဲ့ 604 lb-ft Torque စွမ်းဆောင်ရည် ဝန်းကျင်လောက်တော့ ပုံမှန် ရှိနေ နိုင်ပါတယ်။ ကားကိုတော့ Rear-Wheel Drive အဖြစ် ဖန်တီးပေးထားပြီး 4-Speed Automatic ဂီယာကိုတော့ မောင်းလို့ ကောင်းအောင် တွဲဖက်ပေးထားပါတာ တွေ့ရပါတယ်။ Icon အနေနဲ့ကတော့ ကားကို ခေတ်အသွင်အပြင်တွေနဲ့ ပြင်ဆင်ပေးထားတယ် ဆိုတာထက် မူလ အသွင်အပြင်ကိုပဲ ပိုပြီး ပေါ်လွင်အောင် ပြသထားတာ အထင်းသား ဖြစ်ပါတယ်။ အလူမီနီယံ ဘီးတွေအပိုင်းက  နည်းနည်း ကွဲထွက်နေတာက လွဲလို့ အပြင်ဘက်က မီးလုံးတွေ ကိုလည်း LED နဲ့ ခပ်ပါးပါးပဲ ပြင်ဆင်ပေးထားကာ စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာရာ ရောက်စေမယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အတွင်းခန်းမှာလည်း မူလခေတ်ဟောင်း လက်ရာကိုပဲ တတ်နိုင်သလောက် အတော်လေး ထိန်းသိမ်း ပေးထားပါတယ်။ ဒါပေမယ့် ခေတ်ပေါ် Bluetooth ချိတ်ဆက်မှုတွေနဲ့ အသံစနစ် အတွက်ကိုတော့ Focal Two-Way စပီကာ ၄ လုံးအထိ ထည့်ပေးထားပြီး Amp ပါဝင်တဲ့ Subwoofer ၂ လုံးကိုလည်း ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ အခုလို ထူးထူးခြားခြားသီးသန့် ကားအတွက် ရောင်းဈေးကိုတော့ Icon တို့ မဖော်ပြ ထားသေးပဲ ခန့်မှန်းချေအရ ဆိုရင် $ 450,000 လောက်ကနေ စတင်လာနိုင်ပါတယ်။ တစ်ခြားသော Icon ရဲ့ လက်ရာတွေ ဖြစ်တဲ့ Toyota Land Cruiser ၊ Ford Bronco နဲ့ Chevrolet Thriftmaster တို့လိုမျိုး Restomods အမျိုးအစားတွေနဲ့ မတူတာက အခုလို ဖန်တီးထားတဲ့ Derelict တွေဟာ အတော်လေးကို သီးသန့်ဆန်ရှားပါးတာကြောင့် ဈေးက ပိုများနိုင်ခြေရှိပါတယ်။ ယခင်တုန်းကလည်း အခုလို ကားဟောင်းတွေ ကို မူလပုံစံအတိုင်း ထိန်းသိမ်းပြီး ခေတ်မှီ နည်းပညာနဲ့ ပေါင်းစပ်ဖန်တီး ပေးခဲ့ဖူးကာ 1958 ခုနှစ်ထုတ် Rolls-Royce Silver Cloud ကားလောက်ကနေ Tesla နည်းပညာနဲ့ လျှပ်စစ်ကားဖြစ်အောင် ဖန်တီးလိုက်တဲ့ 1949 Mercury Coupe ကားအထိကို အမျိုးအစားအစုံ ရှိခဲ့ ပါတယ်။

Ref: MotorAuthority