မောင်းသူမဲ့ကားတွေနဲ့ ပတ်သက်လာရင်တော့ ကားသတင်းတွေထဲမှာ အရမ်းကြီးစိတ်ဝင်စားကြတဲ့အပိုင်း အနေနဲတော့ ရှိမနေသေးပါဘူး။ အထူးသဖြင့် အတော်များများ ကလည်း သာမန်စတီယာတိုင်နဲ့ လူကိုယ်တိုင် ပျော်ပျော်ပါးပါး မောင်းနှင်ကြရတဲ့ အရသာကိုပဲ ပိုပြီး လိုချင် နေကြသေးလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း စီးပွားရေးလုပ်ငန်း တစ်ချို့နဲ့ အနာဂါတ် စီမံကိန်းတွေမှာတော့ မောင်းသူမဲ့ ကား တွေက တစ်စိတ်တစ်ပိုင်း စတင် ပါဝင်လာခဲ့ပြီ ဖြစ်ပြီး ကြိုက်ကြိုက် မကြိုက် ကြိုက် လက်ခံလာကြရတော့မယ့် အနေအထားတော့ ဖြစ်လာ ခဲ့ပါပြီ။ ဒါပေမယ့် ပစ္စည်းပို့ဆောင်ပေးတဲ့ ကားလေးတွေ အကြောင်း ပြောကြမယ် ဆိုရင်တော့ မောင်းသူမဲ့ ကားတွေကို ပြောတာ ပိုကောင်း ပါတယ်။ အထူးသဖြင့် ယာဉ်မောင်းလည်း မပါတဲ့ အဆိုပါ မောင်းသူမဲ့ ကားတွေအနေနဲ့ ဆိုရင် တော့ ရုပ်ပိုင်းဆိုင်ရာအရ ပစ္စည်းတွေ အပြည့်ပိုမိုတင်ဆောင်နိုင်မှာ ဖြစ်ပြီး သာမန် Truck တွေ Van တွေ ထက်လည်း ပိုပြီး လွယ်ကူ ဈေးသက်သာမှာ သေချာပါတယ်။ အခုလို မောင်းသူမဲ့ပစ္စည်း ပို့ဆောင်ရေး ယာဉ်တွေ အပိုင်းမှာ ထိပ်တန်း ရောက်လာနေတဲ့ Nuro ဆိုတဲ့ ကုမ္ပဏီကတော့ အဆိုပါ မောင်းသူမဲ့ Delivery ယာဉ်တွေ အတွက် အထူးခြားဆုံး နည်းပညာသစ် တစ်ရပ်ကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးပေးလိုက်ပါပြီ။ အဲ့ဒါကတော့ ကားရဲ့ အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ လေအိတ်အကြီးကြီး တစ်ခုပါပဲ။

Photo Credit: motor 1.com

အခု ပုံထဲမှာ မြင်ရတာကတော့ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ တတိယမြောက်မျိုးဆက် မောင်းသူမဲ့ ပစ္စည်း ပို့ဆောင်ရေးယာဉ် ဖြစ်ပြီး ကုန် ပစ္စည်းတွေ ပိုမိုတင်ဆောင် နိုင်အောင် တကူးတက ဒီဇိုင်း ဆွဲဖန်တီးထားတာကြောင့် ပေါင် ၅၀၀ ပမာဏ လောက်အထိကို အသာလေးတင် နိုင်မှာ ဖြစ်ကာ အရာရာကိုလည်း Touchscreen လေး တစ်ခု တည်းကနေပဲ အလွယ်တကူထိန်းချူပ် နိုင်မှာပါ။ အဆိုပါ ကားလေး ရဲ့ HVAC နည်းပညာကြောင့် အစားအစာတွေ ဆိုရင်လည်း -၂၂ ဒီဂရီဖာရင်ဟိုက် အထိကို သိမ်းဆည်း ထားနိုင်ပြီး အပူအနေနဲ့ လိုချင်တယ် ‌ဆိုရင်လည်း ၁၁၆ ဒီဂရီ ဖာရင်ဟိုက် အထိကို ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လို အစားအသောက် အဖြစ်ဖြစ် အတူတူ ထည့်ထားရင် တောင် ပီဇာဆိုရင် ပူပူလေး ဖြစ်နေအောင် လုပ်ပေးထားနိုင်ပြီး ဆိုဒါ ဆိုရင်လည်း အေးနေ စေပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ ယာဉ်လေးရဲ့ အဓိက စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းကတော့ အခု ပြောပြမယ့် လုံခြုံရေးပိုင်း နည်းပညာပါပဲ။ အဲ့ဒါကတော့ ကားလေးရဲ့ အပြင် ဘက်မှာ တပ်ဆင် ပေးထားတဲ့ ထူးထူးခြားခြား လေအိတ်အကြီးစားကြီး တစ်ခုပဲ ဖြစ်ကာ ကားရဲ့ အရှေ့ဘက် Fascia မှာ မြင်ရမှာပါ။ အဓိက ကတော့ လမ်းသွားလမ်းလာတွေ ၊ စက်ဘီးသမားတွေနဲ့ အခြားသော ဆိုင်ကယ်သမားတွေကို ကာကွယ် ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုလို လမ်းအသုံးပြုသူတွေ ကလည်း လမ်းပေါ်မှာ အတော်လေး အရေးပါတာကြောင့် ရုတ်တရတ် ကြည့်လိုက်ရင် ထူးဆန်းတဲ့ ဖန်တီးမှု လို့ မြင်ကောင်း မြင်နိုင်ပေမယ့်လည်း တကယ်တမ်းမှာတော့ အဓိပ္ပါယ်ရှိပြီး အကျိုး ဖြစ်လာနိုင်ပါတယ်။

Photo Credit: motor 1.com

Autoliv ကုမ္ပဏီ ၊ Mobility Safety Solutions ရဲ့  ဒုတိယဥက္ကဌဖြစ်သူ Per Lindeberg ကတော့ အခုလိုမျိုး သူတို့ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဈေးကွက်အသစ်တွေထဲ နည်းပညာသစ် ပစ္စည်းသစ်တွေကို ဘယ်လို အိုင်ဒီယာအသစ်တွေနဲ့ လုံခြုံစိတ်ချရတဲ့ အတွေ့အကြုံတွေ ဖြစ်အောင် ပြောင်းလဲပေးနိုင်လဲ ဆိုတာကို အခု ကားလေးက ကောင်းကောင်း ချပြလိုက်နိုင်တာပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ တော့ အဆိုပါ ကားလေးနဲ့ လေအိတ်စနစ် တို့က Concept အဆင့်ပဲ ရှိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကရဲ့ ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနက ပထမဆုံးသော မောင်းသူမဲ့ကားတွေနဲ့ပတ်သက်လို့ ခွင့်ပြုချက်ရထားခဲ့တဲ့ကုမ္ပဏီကတော့ Nuro ပဲဖြစ်လို့ဘယ်လောက် အထိ ဆက်ဖြစ်လာဦးမလဲ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com