ကားထုတ်လုပ်ရေး လုပ်ငန်းအများစုကို ကြည့်မယ် ဆိုရင်တော့ ကားကုမ္ပဏီ ကြီး အနည်းငယ်လောက်ကပဲ ကိုယ်ပိုင် ဂုဏ်ပုဒ်တစ်ချို့နဲ့အတူ အချိန်ကြာကြာ ရပ်တည်ထားနိုင်တာ တွေ့ရပါတယ်။ မောင်းလို့ ကောင်းတဲ့ ကားတွေဆိုရင် BMW ကို ပြေးမြင်ကြပြီး အရမ်း ကြီးထူးထူးခြားခြား မောင်းနိုင်တဲ့ကားတွေတော့လည်း မဟုတ်ပြန်ပါဘူး။ ဒီလိုပါပဲ ယခင်တုန်းကဆိုရင် မာစီးဒီး လို့ ဆိုလိုက်တာနဲ့တင် ကားတည်ဆောက်မှု အပိုင်း မှာ ဘယ်ကားမှ လိုက်မမှီဘူးလို့ယုံကြည်ခဲ့ပြီး အခုနောက်ဆုံးပေါ် မာစီးဒီးတွေမှာဒီအချက်က အထူးတလည် မဟုတ်ပဲ သာမန်လောက်ပဲ ရှိလာ ခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ယခင်ကရော ယခုအထိပါ အချိန်အကြာ ကြီး ဂုဏ်ပုဒ်တစ်ခုတည်းနဲ့ ရပ်တည် လာနေတဲ့ ကားကုမ္ပဏီ ကြီး တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ လုံခြုံရေးပိုင်းမှာ စိတ်အချရဆုံး ဆိုတဲ့ ကားတွေကို ထုတ်လုပ်ပေးနေသူ Volvo ပါပဲ။ ဒီ့ အတွက် သက်သေ တွေ ကလည်း အစုံအလင် ရှိနေပြီး အခု ၂၀၂၂ အတွက်ကိုပဲ လုံခြုံရေး ပိုင်းဆိုင်ရာမှာ အဆင့်အမြင့်ဆုံး သတ်မှတ်ချက် ဖြစ်တဲ့ IIHS Top Safety Pick+ ဆုကို အဆိုပါ ကုမ္ပဏီက ကား အတော်များများကပဲ ရယူ ထားနိုင်ပါတယ်။ စုစုပေါင်း ကား‌မော်ဒယ် အရေအတွက် ၁၃ မျိုး လောက် ‌အထိက ထိပ်တန်း ဆုတွေကို ရခဲ့ကြပြီး သက်တမ်းရင့် XC 90 ကစလို့ ခေတ်မှီ နည်းပညာသစ်တွေနဲ့ နောက်ဆုံးပေါ် C 40 Recharge တို့အထိ ဆုတွေက ပြေးမလွတ် ဖြစ်နေတာပါ။ ကုမ္ပဏီ အတွက်လည်း လုံခြုံရေးပိုင်းက အဓိကလို့ပဲ ခံယူ ထားတာ ဖြစ်ပြီး Three Point ထိုင်ခုံ ခါးပတ်နဲ့ ဘေးဘက်က ဝင်တိုက်တာကိုတောင် ခံနိုင်ရည် ရှိစေမယ့် အဆင့်မြင့် စနစ်တွေကို ဖန်တီး ပေးထားနိုင်တာကြောင့် အတော်လေးကို အလေးထားတာ မြင်သာနိုင်ပါ တယ်။

Photo Credit: CARBUZZ

အမေရိက ဈေးကွက်ထဲမှာ ဆိုရင်လည်း အခြားသော ဈေးနှုန်းတူ ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ ကားတွေက လုံခြုံရေး ဆိုင်ရာ လုပ်ဆောင်ချက် တစ်ချို့ကို ရွေးချယ်ဝယ်ယူစရာ အနေနဲ့ပဲ ထည့်ပေးထားတဲ့ အချိန်မှာ Volvo တို့ ကတော့ အခြေခံ စနစ်တွေ အနေနဲ့ ရက်ရက်ရောရောပဲ ပေးထားပါတယ်။ ကုန်ကျစရိတ်ကို မကြည့်နေပဲ Volvo က သူ့ရဲ့ ကားတိုင်းမှာ အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့စနစ် ၊ လမ်းသွားလမ်းလာ တွေနဲ့ စက်ဘီး ဆိုင်ကယ်တွေပါ ထောက်လှမ်းပေးနိုင်တဲ့ အကာအကွယ် စနစ်တို့အပြင် အရှေ့ဘက်မှာ ယာဉ်တိုက်မှုဖြစ်နိုင်တာကိုပါ ကာကွယ်ပေးနိုင်တဲ့ သတိပေးချက်တွေလည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။ Volvo Car USA ရဲ့ ဥက္ကဌ လည်းဖြစ် ၊ CEO လည်း ဖြစ်တဲ့ Anders Gustafsson ကတော့ သူတို့ရဲ့ လျှပ် စစ်ကားနဲ့ Hybrid ကားတွေ အပါအဝင် ကားမော်ဒယ် ၆ မျိုး လောက်ကို Top Safety Pick Plus ဆုတွေ ကို ထပ်ပေးခဲ့တာနဲ့ ပတ်သက်လို့ ဂုဏ်ယူမဆုံးဖြစ်ရကြောင်း ဆိုထား ပါတယ်။ လက်ရှိမှာတော့ အခြား ကုမ္ပဏီတွေနည်းတူ Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာကြောင့် ‌ထုတ်လုပ်မှုတွေ နှောင့်နှေး နေရပြီး လျှပ်စစ်ကား ဝယ်လိုအားတွေကလည်း မြင့်တက်လို့ အနည်းငယ် အခက် တွေ့နေရတာပါ။ ဒါပေ မယ့်လည်း အံ့ဩစရာ ကောင်းတာက C 40 နဲ့ XC 40 Recharge ကားတွေဟာ ဈေးကွက်အစုံ မှာ ၃၅.၅ % အထိ ကို တိုးတက်ခဲ့ ပြီးလာမယ့် ၂၀၃၀ မှာ လျှပ်စစ် ကားကုမ္ပဏီ ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ Volvo ကတော့ လာမယ့်နှစ် တွေမှာလည်း ရောင်းအားတွေ ဆက်တက်နေဖို့ မျှော်လင့်ထားပါတယ်။

Photo Credit: CARBUZZ

Volvo ရဲ့ ကားတွေမှာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ သတင်းမွှေးနေရတာ ကလည်း သူတို့ရဲ့ ကားတွေကို စမ်းသပ်ပုံစံ နဲ့ပါ သက်ဆိုင်ပါသေးတယ်။ Volvo အပါအဝင် အခြားသော ကုမ္ပဏီတွေကတော့ သူတို့ရဲ့ ကားတွေ ခံနိုင်ရည်ကို ကွန်ကရစ် ‌တုံးတွေနဲ့ ဝင်တိုက်တဲ့ အထိ စမ်းသပ်ကြတာ ဖြစ်ပေမယ့်လည်း Volvo ကတော့ ဒီနေရာမှာတင် ရပ်မနေခဲ့ ပါဘူး။ မကြာသေးမီက မြင်ဖူးခဲ့တဲ့ အကြမ်းခံ စမ်းသပ်ချက် Video တစ်ခုထဲမှာ ဆိုရင် ထူးထူးခြားခြားပဲ Volvo က သူ့ရဲ့ကားတွေကို ပေ ၁၀၀ အမြင့်ကနေပစ်ချပြီး စမ်းသပ်နေ တာ တွေ့ရပါတယ်။ ဒီလိုလုပ်ရတာကတော့ တကယ့်ကိုထူးခြားဆန်းပြားပြီး မထင်မှတ်ထားတဲ့ကား မတော် တဆမှုတွေမှာ ဘယ်လောက်အထိ လုံခြုံမှု ပေးနိုင်မလဲ ဆိုတာ သိရအောင် ဖြစ်တယ်လို့တော့ ကုမ္ပဏီဘက် က တုံ့ပြန်ထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို စမ်းသပ်ရကျိုးတွေနပ်‌တယ်လို့ ဆိုနိုင်ပြီး အခုလို ဆုတွေရခဲ့ ရုံတင်မက ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း ဆက်တိုက်ရနေခဲ့တာပါ။ ဒါပေမယ့်လည်း Volvo တို့က တော့ ဒီလောက်နဲ့တောင် မကျေနပ်နိုင်သေးပဲ သူတို့ရဲ့ အဓိက ရည်မှန်း ချက်က အနာဂါတ် Volvo ကားတွေ မှာ လူတစ်ဦးတစ်ယောက်မှ  သေဆုံးတာ မရှိစေရဘူးဆိုတဲ့အထိ ရည်မှန်းထားတယ် ဆိုတာပါပဲ။ ဒီလို ရည်မှန်းချက်ကြီးက နည်းနည်း များသွားပြီလို့ထင်ကောင်း ထင်နိုင်ပေမယ့် ၂၀၀၂ ခုနှစ် XC 90 ကား‌‌ တွေရဲ့ ပထမမျိုးဆက် ကတည်းကစလို့ UK မှာ အဆိုပါ ကားတွေတိုက်မှုကြောင့် ဖြစ်တဲ့ လူသေဆုံးမှုက တကယ် ကို မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com